ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၂၃/ ၂၀၂၅
ရခိုင်ပြည်၊ ပုဏ္ဏကျွန်းမြို့ရှိ ခမရ (၅၅၀) တပ်စခန်းအနီးကို ပြီးခဲ့သည့်ညအချိန်တွင် စစ်ကောင်စီလေတပ်က ဗုံးလာကြဲခဲ့သည်ဟု သိရသည်။
စစ်ကောင်စီလေတပ်သည် ၎င်းတို့ တပ်စွဲအခြေချ နေထိုင်ခဲ့သည့် ခမရ (၅၅၀) တပ်စခန်းအနီးသို့ ယမန်နေ့ ဇွန်လ ၂၂ ရက်၊ ည ၁ဝ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးငါးလုံး ကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"အထိအခိုက် အပျက်အစီးကိုတော့ မသိရသေးဘူး။ ကျမတို့လည်း အဲဖက်ကို မသွားဖြစ်ဘူး။ ပုဏ္ဏားကျွန်းမှာက လူတွေနေထိုင်တာမရှိတော့ လူတွေထိခိုက်မှုတော့ ရှိမှာမဟုတ်ဘူး" ဟု သူက ဆက်ပြောသည်။
သို့သော်လည်း ထိခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုတို့အား နိရဉ္စရာအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ပုဏ္ဏားကျွန်းမြို့ရှိ ခမရ (၅၅၀) တပ်ရင်းကို အာရက္ခတပ်တော် (AA)က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့၌ စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ရရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်၊ ညဉ့်အချိန်ကလည်း မင်းပြားမြို့ရှိ ခမရ (၃၈၀) တပ်အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းငလျင်ကြောင့် အပစ်ခတ်ရပ်စဲသည်ဟု အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မြေပြင်တွင် အပစ်ရပ်ခြင်းမရှိသည့်အပြင် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာ ရပ်ကွက်များသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ဓာတ်ပုံ - စစ်ကောင်စီ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။