သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၃/၂၀၂၅
စစ်ကောင်စီထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ စစ်တွေမြို့တွင် တက္ကသိုလ်များကို ဖွင့်လှစ်ထားသော်လည်း တက်ရောက်သူ ကျောင်းသူ၊ ကျောင်းသားများ အလွန်နည်းပါးနေကြောင်း သတင်းရရှိသည်။
စစ်တွေတွင် စစ်တွေတက္ကသိုလ်အပါအဝင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ကိုဖွင့်လှစ်ထားသော်လည်း စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လွတ်မြောက်နယ်မြေသို့တိမ်းရှောင်သူများနှင့် ပြည်မဖက်သို့ တိမ်းရှောင်သူများကြောင့် တက္ကသိုလ်တက်ရောက်မှု အလွန်နည်းပါးသွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်တွေတက္ကသိုလ်တွင်ဆိုလျှင် မေဂျာတစ်ခုတွင် အနည်းဆုံး ကျောင်းသူ၊ ကျောင်းသား ငါးဦးမှ ၁၀ ဦးကြားသာတက်ရောက်လျက်ရှိသည်ဟု စစ်တွေတက္ကသိုလ်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကျောင်းက တက်မယ့်သူမရှိလည်း ဖွင့်ထားတဲ့သဘောပါ။ မေဂျာတစ်ခုလုံးမှာ ငါးယောက်၊ ၁၀ ယောက်လောက်ပဲရှိတယ်။ ရန်ကုန်ကိုပြောင်းတဲ့သူများတယ်။ တချို့ကတော့ တိုက်ပွဲရှောင်ရင်း လွတ်မြောက်နယ်မြေကို ရောက်သွားကြတယ်လေ။ တချို့ နောက်ဆုံးနှစ်တွေတက်ကြတယ်" ဟု ပြောသည်။
စစ်တွေတက္ကသိုလ်အပါအဝင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ဒီကရီကောလိပ်များကို စစ်ကောင်စီက မေလ ၂၂ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသော်လည်း လက်နက်ကြီးပစ်ခတ်သံများကို မကြာခဏကြားနေရသည်ဟု ဒေသခံများက ပြောသည်။
စစ်တွေတွင် တိုက်ပွဲများကြောင့် တိမ်းရှောင်လိုသည့် ပညာရေးဝန်ထမ်းအချို့သည် စစ်ကောင်စီ၏ဖိအားပေးခိုင်းစေမှုဖြင့် တိမ်းရှောင်ခွင့်မရဘဲ စစ်တွေတွင် ဆက်လက်တာဝန်ထမ်းဆောင်နေရသည်ဟုလည်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
"အရင် စစ်တွေနယ်ဖက်မှာ လက်နက်တွေ၊ တိုက်ပွဲတွေဖြစ်ကတည်းက ဝန်ထမ်းတချို့ထွက်ပြေးတယ်နယ်ဖက်ကို။ သူတို့ကိုမိတော့ မသွားခိုင်းတာရှိတယ်။ ဘာလို့လဲဆိုရင် မြို့ကနေ လွတ်မြောက်နယ်မြေကိုရောက်သွားရင် အစိုးရသတင်းတွေပေါက်ကြားမှာစိုးတာရယ်။ စစ်တွေမှာ အစိုးရယန္တရားလည်ပတ်တာကို ပြချင်တာရယ်ပါတယ်။ သွားရင် အလုပ်ပြုတ်၊ ဘာညာပေါ့" ဟု ပြောသည်။
ရခိုင်တွင် နောက်ထပ် တောင်ကုတ်မြို့တွင်လည်း တောင်ကုတ်တက္ကသိုလ်တစ်ခုရှိပြီး သံတွဲမြို့တွင်လည်း အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတစ်ကျောင်းရှိသည်ဟု သိရသည်။
သို့သော် တောင်ကုတ်နှင့် သံတွဲကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း သိမ်းပိုက်ရရှိထားပြီဖြစ်သည့်အတွက် တောင်ကုတ်တက္ကသိုလ်နှင့် သံတွဲရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ကို ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဟု သိရသည်။
ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကိုလည်း AA က ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် သိမ်းပိုက်ထားသည့်အတွက် ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိတော့သလို ပညာရေး ဒီဂရီကောလိပ်ကိုလည်း တိုက်ပွဲများပြင်းထန်နေမှုကြောင့် ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိဟု သိရသည်။
ဓာတ်ပုံ - စစ်တွေတက္ကသိုလ်ပုံဟောင်း။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။