Preview

ကျောက်ဖြူတိုက်ပွဲအတွင်းမှ ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်သား ၂ဝ ဦးခန့် မြို့ပေါ်သို့ထွက်ပြေး

သဉ္ဇာနွယ် | ဇွန် ၂၃/ ၂၀၂၅ | ကြည့်ရှုသူ :3652
ရခိုင် သတင်း

(စစ်ကောင်စီက အသည်းအသန်လိုက်လံရှာဖွေနေ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၃/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ ပြည်သူ့စစ်သင်တန်းဆင်းအချို့အပါအဝင် စစ်ကောင်စီတပ်သား ၂ဝ ဦးခန့်သည် မြို့ပေါ်သို့ ထွက်ပြေးမှုများရှိနေသဖြင့် စစ်ကောင်စီက အသည်းအသန်လိုက်လံရှာဖွေနေကြောင်း သတင်းရရှိသည်။

သူတို့သည် ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းတိုက်ပွဲနှင့် ပြိုင်းစေ့ကေတိုက်ပွဲများအတွင်းမှ ယခု ဇွန်လ ၂ဝ ရက်နောက်ပိုင်းမှစတင်ကာ ကစဉ့်ကလျားထွက်ပြေးနေခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့ခံ စစ်ရေးသတင်းရင်းမြစ်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ပြည်သူ့စစ်တွေ ထွက်ပြေးတာများနေတယ်။ သူတို့က ရဲတပ်ရင်းနဲ့ ပြိုင်းစေ့ကေတိုက်ပွဲအတွင်းက ထွက်ပြေးလာတာ။ မြို့ထဲကို ထွက်ပြေးကြတာ။ လူမနေတဲ့အိမ်တွေကိုဝင်ပြီး အဝတ်လဲတယ်။ ပြီးရင် လမ်းမှာ ထမင်းတွေ တောင်းစားပြီး ထွက်သွားကြတယ်" ဟု ပြောသည်။

ယင်းသို့ထွက်ပြေးပျောက်ဆုံးနေသည့် စစ်ကောင်စီတပ်သားများကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် စစ်သားများက မြို့ပေါ်တွင် အသည်းအသန်လိုက်ရှာနေကြသည်ဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့ထဲမှာ အစစ်အဆေးကြမ်းနေတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်သား ခုနစ်ယောက်လောက် ဖမ်းမိထားတယ်" ဟု ပြောသည်။

ယင်းအပြင် မြို့တွင်းထဲသို့ သူစိမ်းများရောက်ရှိလာပါက တိုင်ကြားရန် စစ်ကောင်စီက အသိပေးထားကြောင်း မြို့ခံများက ပြောသည်။

မြို့ထဲတွင် ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး စစ်သင်တန်းဆင်းမွတ်ဆလင်များအပါအဝင် စစ်ကောင်စီတပ်သားများကို မြို့ပတ်ပတ်လည် ဝင်ပေါက်များတွင် လုံခြုံရေးတင်းကြပ်စွာချထားကာ လူဝင်/လူထွက်များအား စောင့်ကြည့်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အရာရှိများအပါအဝင် အောက်ခြေတပ်သားများအထိ အကျအဆုံးများလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ကျောက်ဖြူတွင် စစ်ကောင်စီတပ်မ(၁၁)နှင့် တပ်မ(၉၉)ပူး‌ပေါင်းတပ်ဖွဲ့တစ်ခုလုံးသည် အာရက္ခတပ်တော်(AA)ထံ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ - ကျောက်ဖြူမြို့တွင်း တစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.