Preview

AA ထိန်းချုပ်ထားသည့်တောင်စောက်တောင် တရုတ်ဓာတ်အားခွဲစက်ရုံသို့ပစ္စည်းပို့သည့် ကုန်ကားလေးစီးကို စစ်ကောင်စီတပ်ကစစ်ဆေးပြီးပြန်လွှတ်ပေးလိုက်ရ

သဉ္ဇာနွယ် | ဇွန် ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :1890
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၅

အာရက္ခတပ်တော်(AA)ထိန်းချုပ်မှု အောက်တွင်ရှိနေသည့်  ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ တောင်စောက်တောင် တရုတ်ဓာတ်အားခွဲစက်ရုံသို့  ကုန်ပစ္စည်းများပို့ဆောင်ရန်လာသော ကုန်တင်ကားလေးစီးကို စစ်ကောင်စီတပ်က
တားဆီးစစ်ဆေးပြီးနောက်ပြန်လွှတ်ပေးလိုက်ရသည်ဟု  သတင်းရရှိသည်။


အဆိုပါကုန်ကားများသည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် တောင်စောက်တောင်ရှိ တရုတ်ဓာတ်အားခွဲစက်ရုံသို့ လိုအပ်သည့်ကုန်ပစ္စည်းများတင်ဆောင်ပြီးလာစဉ်မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ဂုတ်ကြီးရွာအနီး စစ်ကောင်စီ၏တပ်မ(၉၉)စစ်ကြောင်းက AA ထံ ရိက္ခာပို့သည့်သံသယဖြင့်စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု  ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။

"ပြည်မဖက်ကနေ တရုတ်ဝန်ထမ်းနဲ့လုပ်သား‌တွေ ရှိတဲ့နေရာကို ပစ္စည်းပို့တာ ကား(၄)စီးနဲ့။ အဲဒါကို စစ်ကောင်စီဂုတ်ကြီးစစ်ဆေးရေးဂိတ်နားကတပ်မ(၉၉)အဖွဲ့က စစ်တာ။ အထုပ်တွေကိုအောက်ချခိုင်းတယ်။ ဖောက်ခိုင်းတယ်။အဲဒါကို ကားသမားတွေက မလုပ်နိုင်ဘူးလေ။ ပစ္စည်းတွေကများပြီး အခက်ခဲရှိတော့။သူတို့အဓိကစစ်ဆေးတာက AA ကိုပို့မယ့်ရိက္ခာတွေပါလား၊ ဘာညာပေါ့။ နောက်တော့မရတဲ့အဆုံး တရုတ်ဖက်ကိုအကြောင်းကြားလိုက်တော့ စစ်ကောင်စီဖက်က အရှုံးပေးလိုက်ရတယ်။ ချထားတဲ့ပစ္စည်းတောင် ပြန်တင်ပေးလိုက်ရတယ်" ဟုပြောသည်။

အမ်းမြို့နှင့် မိုင် ၂၀ အကွာတွင်တည်ရှိသည့် တရုတ်ဓာတ်‌ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံအား လုံခြုံရေးယူထားခဲ့သော တောင်စောက်တောင်စစ်ကောင်စီစခန်းကို AA က ပြီးခဲ့သည့် ဇန်နဝါရီလအစပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် AA ထိန်းချုပ်သည့် နယ်မြေရှိ အဆိုပါတရုတ်ဓာတ်အားခွဲစက်ရုံသည် ပုံမှန်လည်ပတ်လျက်ရှိပြီး တရုတ်ဝန်ထမ်းများနှင့်လုပ်သားများမှာလည်း သူ့အလုပ်သူဆက်လုပ်နေသည်ဟု AA နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"တရုတ်စီမံကိန်းကတော့ လည်ပတ်နေတယ်။ ပုံမှန်အတိုင်းပါပဲ။ ထူးထူးခြားခြားမရှိဘူး" ဟု ပြောသည်။

တရုတ်ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံရှိသည့် အဆိုပါတောင်စောက်တောင်အနီးအနားကိုစစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးလေယာဉ်များဖြင့်လည်း ဗုံးလာကြဲမှုများလည်း ရှိခဲ့ကြောင်းဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)၏ထုတ်ပြန်ချက်တစ်ခုတွင် ရခိုင်ပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုအနက် ၁၀ ခုကို AA က ထိန်းချုပ်ထားနိုင်ပြီဟု ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့်https://donorbox.org/narinjara-newsကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်

#စိုက်ပျိုးရေး#ဆန်/ စပါး#လယ်ယာ#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.