Preview

ကျောက်ဖြူအမတ်ဟောင်း ဦးဘရှိန်တည်ထောင်သည့် ရခိုင်တိုင်းရင်းသားများပါတီမှတ်ပုံတင်ခွင့် စစ်ကောင်စီထံ လျှောက်ထား

မောင်စာဂ | ဇွန် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :1309
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၅ /၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်တည်ထောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party-RNP)၏ မှတ်ပုံတင်ခွင့်ကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ လျှောက်ထားလိုက်ပြီဟု သိရသည်။

အဆိုပါ RNP ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် UEC ထံ ယမန်နေ့ ဇွန်လ ၂၄ ရက်တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ယနေ့ ဇွန်လ ၂၅ ရက်၌ ထုတ်ပြန်ဖော်ပြထားသည်။

“ဦးဘရှိန်ခေါင်းဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party)က ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃ဝ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်” ဟု စစ်ကောင်စီဝါဒဖြန့်ချိနေသော မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

RNP ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်တွင် UEC ထံ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိသည်ဟုဆိုကာ UEC က ဇွန်လ ၉ ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုခဲ့သည်။

ပါတီတည်ထောင်ခွင့်ရရှိသော RNP ပါတီသည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားရမည်ဟုဆိုထားသည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးရန် UEC ထံ ယမန်နေ့တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ပါတီမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး UEC က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် နှစ်လအတွင်း လေးပိုင်းခွဲ၍ ကျင်းပမည်ဟု မတ်လ ၂၇ ရက်နေ့ကျရောက်ခဲ့သည့် နှစ်(၈၀) မြောက် တပ်မတော်နေ့အခမ်းအနားတွင် ပြောဆိုထားသည်။

တစ်နိုင်ငံလုံး တိုက်ပွဲပဋိပက္ခဖြစ်နေချိန်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားနိုင်မည်မဟုတ်သလို လူတိုင်းပါဝင်နိုင်သည့်၊ လွတ်လပ်မျှတသည့်ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ပြောဆိုထားကြသည်။

ဓာတ်ပုံ - RNP ပါတီသစ်မှတ်ပုံတင်ခွင့်ရန်လျှောက်ထားမှုအား စစ်ကောင်စီထုတ်ပြန်ချက်ကို တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.