မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၅ /၂ဝ၂၅
ရခိုင်အဆိုတော် အောင်ခိုင်ချေသည် အသည်းရောဂါဖြင့် ကွယ်လွန်သွားပြီဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်၊ ညဉ့်အချိန်တွင် မောင်တောမြို့၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်သည်။
သူကွယ်လွန်သွားခြင်းအပေါ် သူ၏ ပရိသတ်များနှင့် ရခိုင့်ဂီတလောကသားများက စိတ်မကောင်းဖြစ်နေကြသည်ဟု သိရသည်။
ရခိုင့်ဂီတလောကသားတစ်ဦးဖြစ်သူ ကိုမျိုးမင်းလေးက “သူဆုံးသွားတာ စိတ်မကောင်းဘူး။ သူက စိတ်ထားကောင်းတဲ့ လူပျော်၊ လူလည်။ သူ့သီချင်းတွေအားလုံးက ကျနော်နဲ့ တီးခတ်ပြီး လုပ်ခဲ့တာပါ။ သူဆိုတဲ့ သံစဉ်လိုင်းက ရခိုင်မှာ တစ်ယောက်မှမရှိဘူး။ သူ့သီချင်းတွေကို နားထောင်ကြည့်ပါ။ ကွဲပြားပါတယ်။ သတိမထားမိကြတာပါ။ တခြားသူတွေနဲ့ မတူဘူး။ ဗမာကဆို စိုင်းဆိုင်မော့ဝ်လိုင်းနဲ့ တူပါတယ်”ဟု ပြောသည်။
သူ၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို ယမန်နေ့ ဇွန်လ ၂၄ ရက်၊ နေ့လယ်တွင် မောင်တောသုသာန်၌ မီးသင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။
သူကွယ်လွန်ချိန်တွင် ဇနီး၊ သမီးနှင့် သားတစ်ဦးတို့ကျန်ခဲ့သည်ဟုလည်း သိရသည်။
ရခိုင်အဆိုတော် အောင်ခိုင်ချေသည် “မဇ္ဈိမငှက်”နှင့် “သဇာလီ” စီးရီးနှစ်ခုကို ရခိုင်အဆိုတော် အောင်မြင့်နိုင်နှင့် ပူးတွဲထုတ်ဝေဖြန့်ချိခဲ့သည်။
ရခိုင်အဆိုတော် အောင်ခိုင်ချေသီဆိုခဲ့သည့်သီချင်းများထဲမှ “ဝါဆိုပန်း”၊ “မောင်တောမြို့အလှ”၊ “သဇာလီ”၊ “ရင်ထဲက လခြမ်း”၊ “မရိုးရေ ပန်းချီကား”၊ “တက္ကသီလာ”၊ “ရှာပုံတော်”စသည့် တေးသီချင်းများမှာ လူကြိုက်များခဲ့သည်။
မောင်တောဒေသ ဓလေ့အရ ဝါဆိုလတွင် ဝါဆိုပန်းခူးတတ်ကြသည်ကို ရေးဖွဲ့သီဆိုခဲ့သည့် “ဝါဆိုပန်း”သီချင်းဆိုလျှင် ဒေသခံများအကြား ယခုထက်တိုင် ရေပန်းစားကြိုက်နှစ်သက်လျက်ရှိသည်။
ဓာတ်ပုံ - နတ်သျှင် မြို့သား ရခိုင်နှင့် လူမှုကွန်ရက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။