ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၅
တိုက်ပွဲကာလအတွင်း ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းမှ လူနေအိမ်များအား စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ပြန်လည် မတည်ဆောက်နိုင်ကြသေးဟု သိရသည်။
ရခိုင်ပြည် ၁၄ မြို့နယ်သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိနေပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှတဆင့်ဗုံးကြဲမှု၊ အာရက္ခတပ်တော်(AA)က ထိန်းချုပ်ရန် ကျန်နေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ရှိ စစ်ကောင်စီတပ်ရင်း၊ ရေတပ်နေဗီများမှ အနီးအနားမြို့နယ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုတို့ကြောင့် အဆိုပါနေအိမ်အဆောက်အအုံများကို ပြန်လည်မဆောက်လုပ်နိုင်သေးဟု ဒေသခံများက ပြောဆိုကြသည်။
ထို့အပြင် ဒေသခံပြည်သူများမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိသည့်အပြင် အိမ်ဆောက်ပစ္စည်းများလည်း ဈေးမြင့်မားမှုရှိနေသည့်အတွက် မဆောက်လုပ်နိုင်ခြင်းဖြစ်သည်ဟု ရမ်းဗြဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
"အိမ်တွေကို မဆောက်လုပ်နိုင်တာက လေယာဉ်အန္တရာယ်ကို စိုးရိမ်ကြတယ်။ ဆောက်တဲ့သူတွေကလည်း ယာယီတဲအိမ်သဘောလောက်ပဲ ဆောက်ကြပါတယ်။ နောက်ပြီးတော့ ငွေကြေးအဆင်မပြေလို့ မဆောက်နိုင်တဲ့ အပိုင်းတွေရှိတယ်။ အိမ်တွေဆောက်ပြီးတော့မှ ထပ်ပြီးတော့ ပြိုပျက်သွားမှာကိုလည်း စိုးရိမ်ကြတယ်" ဟုပြောသည်။
ရခိုင်တွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးတို့ကိုဖြတ်တောက်ထားသည့်အတွက် ဘိလပ်မြေအပါအဝင် အုတ်၊ သဲ၊ ကျောက်၊ သစ်၊ ဝါး၊ သွပ် စသည့် အိမ်ဆောက်ပစ္စည်းများမှာလည်း အဆမတန် ဈေးနှုန်းမြင့်မားလျက်ရှိသည်။
ထိုကဲ့သို့ ပျက်စီးသွားသည့် အိုးအိမ်များအား ပြန်လည်တည်ဆောက်နိုင်ရန် ရခိုင်လူထုအနေဖြင့် တော်လှန်ရေးကာလပြီးဆုံးသည်အထိ စိတ်ရှည်သည်းခံကာ ဖြတ်ကျော်ရန် လိုအပ်သည်ဟု ရခိုင့်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
"တော်လှန်ရေးကာလမှာတော့ သည်းခံပြီး နေထိုင်ကြရမယ်။ ရခိုင်ပြည်သူတွေကလည်း တိုက်ပွဲဖြစ်တဲ့အချိန်ကနေ အခုချိန်ထိ ဒုက္ခတွေကို ခံပြီးတော့ နေလာကြတယ်။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေထိုင်နိုင်ဖို့အတွက်ကလည်း အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းရမယ်လို့ မြင်တယ်" ဟု ပြောသည်။
တော်လှန်ရေးကာလပြီးဆုံးသည့်အချိန်တွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်ရန် အရပ်သားပြည်သူများနှင့် နီးစပ်သည့်နေရာများတွင် မိုင်းအန္တရာယ်ရှင်းလင်းပြီး အိုးအိမ်တည်ဆောက်နိုင်ရန်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသင့်သည်ဟု သူက ဆက်ပြောသည်။
နေအိမ်များအား ပြန်လည်မတည်ဆောက်နိုင်သေးသည့်အတွက် အိုးအိမ်ပျက်စီးသွားသည့် ဒေသခံများမှာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြရသည်။
အိုးအိမ်မတည်ဆောက်နိုင်ဘဲ အရေးပေါ်လိုအပ်နေသည့် စစ်ဘေးရှောင်များကိုမူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)နှင့် အဖွဲ့အစည်းများက အဆောက်အဦအချို့ ဆောက်လုပ်ပေးမှုများရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့အထိ တစ်နှစ်တာတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဆေးရုံ (၁၂) လုံး၊ စာသင်ကျောင်း (၃၀)၊ ဘုန်းကြီးကျောင်း (၇၀)၊ ခရစ်ယာန်ဘုရားကျောင်း တစ်ဆောင်၊ ဗလီ နှစ်လုံး၊ ဈေး (၂၁) ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ (၁၇) ခု၊ စုစုပေါင်း အဆောက်အအုံ (၁၅၃)ခု ပျက်စီးသွားခဲ့ရသည်ဟု HDCO က ထုတ်ပြန်ထားသည်။
သို့သော် မြေပြင်တွင် ဖော်ပြပါစာရင်းထက် များပြားနိုင်သည်ဟုလည်း ရခိုင်ပြည်သူများက ခန့်မှန်းထားကြသည်။
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နောက်ပိုင်းမှစတင်ကာ ယခုလက်ရှိအချိန်ထိလည်း စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်တပ်စခန်းများနှင့် နေဗီများမှ လက်နက်ကြီးများဖြင့် လှမ်းပစ်မှုများကြောင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများနေထိုင်ရာ နေအိမ်အဆောက်အအုံအများအပြား ပျက်စီးလျက်ရှိနေဆဲဖြစ်သည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှ ပြိုပျက်သွားသည့်နေအိမ်အချို့အား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။