သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၆/ ၂၀၂၅
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့၊ ပဒါန်းမြို့အဝင်ဂိတ်တစ်ခုဖြစ်သည့် စစ်ကောင်စီ၏ နတ်ရေကန်ဆီဆိုင်ဂိတ်စခန်းသည် အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ ရုပ်သိမ်းသွားပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ပဒါန်းမြို့အဝင် နတ်ရေကန်ဆီဆိုင်ဂိတ်တွင် စခန်းချနေထိုင်ခဲ့သည့် တပ်မ(၉၉)အပါအဝင် စစ်ကောင်စီတပ်သားများသည် ဇွန်လ ၁၄ ရက်ခန့်မှစ၍ စခန်းရုပ်သိမ်းသွားခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီဇွန်လအထဲမှာပဲ ရုပ်သွားတာ။ အရင်ကဆို အဲဒီဂိတ်မှာ စခန်းချပြီးနေခဲ့တာလေ။ တစ်သုတ်ချင်းစီ စွန့်ခွာသွားတာ။ အင်အားကတော့ အနည်းဆုံး ၇၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ အခုအဲဒီဂိတ်မှာ စစ်သားတွေမရှိတော့ဘူး” ဟု ပြောသည်။
အဆိုပါ နတ်ရေကန်ဆီဆိုင်ဂိတ်စခန်းတွင် စစ်ကောင်စီတပ်သားများမရှိတော့သော်လည်း အနီးအနားဝန်းကျင်နှင့် ပဒါန်းမြို့ထဲတွင် အရပ်ဝတ်များဖြင့် သွားလာလှုပ်ရှားကာ အခြေအနေစောင့်ကြည့်နေသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့က စခန်းမှာမနေတော့ပေမယ့် အနီးအနားဝန်းကျင်တွေမှာ သွားလာလှုပ်ရှားတယ်။ အထူးသဖြင့် ညဖက် အရပ်ဝတ်နဲ့နေတာပိုများတယ်" ဟု ပြောသည်။
ယခုရုပ်သိမ်းသွားသည့် ပဒါန်းမြို့အဝင် နတ်ရေကန်ဆီဆိုင်ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ (၃၀)ရက်နေ့က တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီဖက်က အဓိက ပဒါန်းရှိ ဆုံကုန်းအမြောက်ကြီးတပ်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၁၄)ကိုသာ အဓိကအခိုင်အမာကာကွယ်မှုနှင့် အင်အားအလုံးအရင်းဖြည့်ထားကြောင်း ပဒါန်းဒေသခံအမျိုးသားက ပြောသည်။
"စစ်ကောင်စီက ဂိတ်စခန်းတို့၊ စခန်းငယ်တွေထက် အဓိက မကွေးက ကပစစက်ရုံတွေကိုမရောက်နိုင်အောင် ရိုးနဲ့နီးတဲ့ အမြောက်တပ်နဲ့ ကပစ(၁၄)ကို အဓိကအင်အားဖြည့်တယ်။ လက်နက်တပ်ဆင်ပြီး အခိုင်အမာပြုလုပ်ထားတယ်။ နတ်ရေကန်တောင်ဖက်ကိုလည်း အဲဒီဖက်ကနေပဲ အဓိကစစ်ကူနဲ့ စစ်ကြောင်းထိုးနေတာ" ဟု ပြောသည်။
ပဒါန်းမြို့ပြင်ဧရိယာတွင် ကပစ(၁၄)မှ စစ်ကြောင်းနှင့် တပ်မ (၉၉)စစ်ကြောင်းတို့ နေရာယူထားပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ရိုးပေါ် အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း၏ ကာကွင်းစခန်းတစ်ခုဖြစ်သည့် ငဖဲမြို့နယ်၊ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို CDF (Asho)နှင့် လူ့ဘောင်သစ်တပ်မတော် (NSA)တို့ပူးပေါင်း၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သားအများအပြား စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ဇွန်လ (၂၁)ရက်နေ့က ထုတ်ပြန်ထားသည်။
AA ဦးဆောင်၍တိုက်ခိုက်နေသည့် နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းနှင့် အနီးအနားစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ ကြားဖြတ်တိုက်ခိုက်ခံရ၍ ဖမ်းဆီးခံရမှုများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီ(ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။