(စစ်ကောင်စီကဒရုန်းအသုံးပြုတိုက်ခိုက်မှုပိုပြုလုပ်)
နိရဉ္စရာ၊ ဇွန် ၂၆/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ နေရာ(၃)ခုတွင် အာရက္ခတပ်တော်နှင့်အကြမ်းဖက် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများဆက်လက်ပြီးပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
၎င်းတိုက်ပွဲများမှာကျောက်ဖြူမြို့နယ်ရှိဂုံးချွိန်တိုက်နယ်ရှိ ရဲတပ်ရင်းအနီးက ပြိုင်းစေ့ကေရွာအနီးအနားဝန်းကျင်၊မလကျွန်းဧရိယာဝန်းကျင်နှင့် သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်အနီးကကပ်သပြေကျေးရွာဝန်းကျင်တို့တွင် ဖြစ်ပွားနေပြီးတိုက်ပွဲအရှိန်အဟုန်ပြင်းနေသည်ဟု ကျောက်ဖြူဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
" တိုက်ပွဲကတော့နေ့တိုင်းလိုလိုရှိတယ်။ ရဲတပ်ရင်းနဲ့ပြိုင်းစေ့ကေရွာအကြားကအနီးအနားတွေ၊မလကျွန်းရွာဆိုရင်လည်း(OGT)ဖက်ကိုအေအေရဲ့ထိုးစစ်မလာနိုင်အောင်စစ်ကြောင်းထိုးတိုက်နေတာ။သစ်ပုတ်တောင်ဖက်ဆိုရင်လည်းကပ်သပြေကိုစစ်ကြောင်းထပ်ထိုးပြီး ရေတပ်ဌာနချုပ်ကိုမရောက်နိုင်အောင်ကာကွယ်ပြီး ထွက်တိုက်နေတာ" ဟု ပြောသည်။
စစ်ကောင်စီဖက်မှ အကျအဆုံးများ ထွက်ပြေးမှုများ နေသော်လည်း ဒရုန်းနည်းပညာဖြင့်အဓိကပစ်ခတ်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" သူတို့ဖက်က ရှေ့ကနည်းနည်းထွက်တယ်။နောက်က ဒရုန်းနဲ့ပဲတိုက်နေတာ။ နေပူရင်တရုတ်နည်းပညာဒရုန်းနဲ့တိုက်တယ်။ လူကအဲ့လောက်ရှေ့မထွက်ဘူး။ အဓိကလက်နက်ကြီးအားကိုးပြီးတိုက်နေတာ" ဟု ပြောသည်။
ကျောက်ဖြူရှိတိုက်ပွဲနေရာများအားလုံးကို စစ်ကောင်စီဖက်မှ ကြည်း၊ရေ၊လေ သုံးမျိုးဖြင့်ဘက်ပေါင်းစုံမှ (AA)ကိုတိုက်ခိုက်နေပြီးအာရက္ခတပ်တော်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့ တိုက်ပွဲ၏ ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ကောင်စီမှ စစ်ရေးကျွမ်းကျင်မှုမရှိသည့် စစ်သင်တန်းဆင်းမွတ်ဆလင်များနှင့်ပြည်သူ့စစ်များကို အသုံးချနေမှုကြောင့်သေဆုံးမှုများရှိနေသည်ဟုစစ်တပ်နှင့်နီးစပ်သူများကပြောသည်။
ကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းမှ ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်သားများသည် ကစဉ့်ကလျားထွက်ပြေးနေပြီးထိုအထဲက တချို့သည် မြို့ပေါ်သို့ထွက်ပြေးလျက်ရှိကြောင်း ဒေသခံများကပြောသည်။
၂၀၂၅ဖေဖော်ဝါရီလအတွင်းမှစ၍ ယခုဇွန်လ နောက်ဆုံးအပတ်အထိ ကျောက်ဖြူမြို့နယ်၊ရဲတပ်ရင်းအနီး၊ပြိုင်းစေ့ကေ့ဝန်းကျင်၊ဓညဝတီရေတပ်ဌာနချုပ် ပတ်ဝန်းကျင်ကျေးရွာအနီးအနားများတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့်(AA)တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (AA)ထံ တပ်ရင်းလိုက်အလင်းဝင်မှုများရှိပြီး၊ ဗိုလ်အဆင့်၊တပ်ရင်းမှူးအဆင့်များလည်း ပါဝင်ကြောင်း သိရသည်။