ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇွန် ၂၆/ ၂၀၂၅
ရခိုင်မှ မြို့နယ်တချို့တွင် စီးပွားဖြစ် လောင်းကစားများပြုလုပ်လာသည်ကို တွေ့ရှိလာရသည့်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။
ရခိုင်တွင် စီးပွားဖြစ် ဖဲကစားခြင်း၊ ဒိုးဆပ်ကစားခြင်းအပါအဝင် အခြားသော လောင်းကစားပြုလုပ်ခြင်းများကို မပြုလုပ်ကြရန် မြို့နယ်အချို့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများက ယခုရက်ပိုင်းမှစတင်ကာ ဆော်ဩလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနများ၏ ယခုရက်ပိုင်းထုတ်ပြန်ချက်အချို့တွင် "လုံခြုံရေးအရ စိုးရိမ်နေကြချိန်၊ မိဘပြည်သူတို့၏ စားဝတ်နေရေး အလွန်ခက်ခဲနေချိန်အချို့ ဝိသမလောဘသားများ၏ ဆင်ခြင်တုံတရားမထားဘဲ စီးပွားဖြစ်လောင်းကြေးထပ်ကာ ဖဲကစားခြင်း၊ ဒိုးဆပ်ကစားခြင်းအပါအဝင် အခြားနည်းလမ်းများနှင့် လောင်းကစားပြုလုပ်နေကြခြင်းကို လေ့လာတွေ့ရှိရသည်"ဟု ရေးသားထားသည်။
အဆိုပါ လောင်းကစားပြုလုပ်ခြင်းကို မြို့နယ်အချို့တွင် တာဝန်ရှိသူများက ဆော်ဩခြင်း၊ သတိပေးခြင်းများကို ပြုလုပ်ထားပြီး လိုက်နာမှုမရှိသူများကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။
စီးပွားဖြစ် လောင်းကစားပြုလုပ်ခြင်းမှာ မိသားစုတို့၏ စီးပွားကို ပျက်စီးစေနိုင်သည့်အတွက် ယခုကဲ့သို့ ကန့်သတ်လိုက်သည်မှာ ကောင်းသည်ဟု ရခိုင့်လူမှုအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ကိုဇော်ဇော်ထွန်းက ပြောသည်။
"လောင်းကြေး အများကြီးနဲ့ စီးပွားဖြစ်၊ စီးပွားပျက်အောင် ကစားတာကတော့ မကောင်းဘူး။ မိသားစုစီးပွားရေးကိုလည်း ထိခိုက်တယ်။ တိုင်းပြည်စီးပွားရေးကိုလည်း ထိခိုက်တယ်။ ဒါကို ကန့်သတ်လိုက်တာကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒီဥပဒေအောက်မှာ ကျောသား၊ ရင်သားမခွဲခြားဘဲနဲ့ တပြေးညီသက်ရောက်ဖို့တော့လိုမယ်"ဟု ပြောသည်။
သို့သော်လည်း သာရေး၊ နာရေးပွဲများနှင့် ပျော်ပွဲရွှင်ပွဲ ပွဲများတွင် သက်ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် ကစားခွင့်ရှိသည်ကိုလည်း တွေ့ရှိရသည်။