Preview

ရခိုင် မြို့နယ်နှစ်ခုတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

သဉ္ဇာနွယ် | ဇွန် ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :1290
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၂၆/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ကျောက်ဖြူမြို့နယ်မှ ဒေါ်သိန်းမြကြည်(၆၁)နှစ်နှင့် တောင်ကုတ်မြို့နယ်မှ ဦးသိန်းဝင်း(၄၅ )နှစ်တို့ဖြစ်ကြသည်။

ဒေါ်သိန်းမြကြည်သည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေထောင့်ကျေးရွာမှဖြစ်ပြီး မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားသည်ဟု သိရသည်။

သူမသည် ဇွန်လ ၂၅ ရက်နေ့က မိမိ နေအိမ်မှ လမ်းလျှောက်ထွက်စဥ် စစ်ကောင်စီခမရ (၅၄၃) တပ်ရင်းအနီး တောလမ်းတွင်ထောင်ထားသည့်မိုင်းကိုနင်းမိ၍ ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခြင်းဖြစ်သည်ဟု ကျောက်ဖြူ‌ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"မြို့သိမ်းထားတဲ့ဒေသတွေမှာ တောင်စကစ တပ်ရင်းတွေနားမှာ မိုင်းတွေရှိသေးတယ်။ အခုက တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ စစ်တပ်နားကို ဘယ်လိုအကြောင်းပြချက်နဲ့မှ မသွားသင့်ပါဘူး။ ပြောရမယ်ဆို ကျောက်ဖြူက ခမရ(၅၄၂)၊ ၅၄၃ နဲ့ ရဲတပ်ရင်း(၃၂)တို့မှာ အမ်းမြို့လိုဘဲ မိုင်းထောင်တာများတယ်။ နေရာအနှံ့မှာ ထောင်ထားတာ။ အသက်ကလည်းကြီးနေပြီဆိုတော့ မသိတာနေမှာပါ။ ဒီလိုနင်းမိသွားတာတော့ စိတ်မကောင်းဘူး" ဟု ပြောသည်။

တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်မှ  ဦးသိန်းဝင်းသည် လယ်သမားတစ်ဦးဖြစ်ပြီး ဇွန် ၂၆ ရက်နေ့ ညနေပိုင်းက လယ်ထွန်စဉ် မိုင်းကို ပေါက်တူးဖြင့် ခြစ်မိရာက ပေါက်ကွဲမှုဖြစ်ကာ ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာရသွားသည်ဟု တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

" စကခ(၅)နေခဲ့တဲ့နေရာအနားက လယ်ကွင်းမှာ ကမ်းသင်းပေါက်နေတာပါ။ ဗမာလိုဆို လယ်ကမ်းသင်းဆည်တယ်လို့ပြောရမှာပေါ့။ အဲ့ဒီမှာ မတော်တဆ ထိမိတာ။ မိုင်းပေါက်သွားလို့ တစ်ကိုယ်လုံးဒဏ်ရာရသွားတယ်" ဟု ပြောသည်။

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့်မြို့နယ်များတွင်  မိုင်းနှင့်စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့် ဝေမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသော်လည်း ဒေသခံအချို့မှ လိုက်နာမှု အားနည်းရာမှ မကြာခဏ မိုင်းပေါက်ကွဲ၍ သေဆုံး ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သတင်းရရှိသည်။

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.