Preview

ငလျင်အပစ်ရပ်ကာလ ရခိုင်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဝ ကျော်သေဆုံးပြီး ၉ဝ ကျော်ဒဏ်ရာဟု HDCO ထုတ်ပြန်

မောင်စာဂ | ဇွန် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1363
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၇/၂ဝ၂၅

ငလျင်အပစ်ရပ်ကာလအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် အရပ်သား ၃ဝ ကျော်သေဆုံးပြီး ၉ဝ ကျော်ဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော်(AA)လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ဟုဆိုကာ စစ်ကောင်စီက ဧပြီလ ၂ ရက်မှစတင်ကာ ယခု ဇွန်လ ၃ဝ ရက်အထိ အပစ်အခတ်ရပ်စဲခဲ့သည်။

သို့သော် ယင်းသို့ အပစ်ရပ်ထားသည်ဆိုသော်လည်း ဧပြီလ ၂ ရက်မှစတင်ကာ ဇွန်လ ၂ဝ ရက်အထိ စစ်ကောင်စီက ရခိုင်ပြည်အတွင်း တောင်ကုတ်၊ ကျောက်တော်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် သံတွဲစသည့်မြို့နယ်များမှ ကျေးရွာပေါင်း ၃၅ ရွာတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်လှမ်းပစ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃၄ ဦးသေဆုံးပြီး ၉၁ ဦးဒဏ်ရာရသွားခဲ့သည်ဟု HDCO ၏ ယမန်နေ့ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူ ၃၄ ဦးအနက် ၃၃ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ကျန်တစ်ဦးမှာ ရေတပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ခြင်းဖြစ်သည်ဟု HDCO က ဆိုသည်။

သေဆုံးသူများတွင် ၁၈ နှစ်အောက် ကလေး ငါးဦးပါဝင်သည်ဟုလည်း ဖော်ပြထားသည်။

အလားတူ ထိခိုက်ဒဏ်ရာရသူ ၉၁ ဦးအနက် ၈၃ ဦးမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ရှစ်ဦးမှာ လက်နက်ကြီးကျည်ကြောင့်ဖြစ်သည်ဟု သိရသည်။

အပစ်ရပ်ထားသည်ဆိုပြီး အပြစ်မဲ့အရပ်သားများနေထိုင်ရာ ကျေးရွာများကို ဗုံးကြဲနေသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရခိုင်ဒေသခံ ကိုသန်းရွှေမောင်က “စကစကနေပြီးတော့ ဒီအပစ်အခတ်ရပ်စဲဆိုတဲ့ခေါင်းစဉ်အောက်မှာ သူတို့ကတော့ စာနဲ့တော့ ရေးပြီး ထုတ်ပြန်ခဲ့တယ်လေ။ သို့သော်လည်း အဲဒီစာ၊ အဲဒီဥပဒေကို သူတို့ ချိုးဖောက်နေပါတယ်။ ချိုးဖောက်ပြီးတော့ ဒီတိုင်းရင်းသားနယ်မြေတွေမှာ ဗုံးကြဲတာတွေတွေ့ရပါတယ်။ ဗုံးကြဲတဲ့အခါ ကျနော်တို့ ရခိုင်ဘက်မှာလည်း သေဆုံးသွားသူတွေ၊ ဒဏ်ရာရသူတွေလည်း အများအပြားရှိကြပါတယ်။ ဒါကြောင့် စကစရဲ့လုပ်ရပ်တွေကတော့ သူတို့ကတိကို သူတို့ချိုးဖောက်နေတာလို့ ကျနော့်အနေနဲ့မြင်ပါတယ်။ အဓိကတော့ လေကြောင်းကို ဂရုစိုက်ရမယ်။ သူတို့ကတော့ ရှုံးနေသရွေ့တော့ ဗုံးကြဲသွားမယ်လို့ ကျနော်မြင်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။

ယခုတိုက်ခိုက်မှုများအတွင်း သေဆုံး၊ ဒဏ်ရာရသူ အများဆုံးမြို့နယ်မှာ ကျောက်တော်မြို့နယ်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အရပ်သားပြည်သူများ၏ နေအိမ်များအပါအဝင် ဈေးဆိုင်ခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် အခြားအဆောက်အအုံ စုစုပေါင်း ၁၃ဝ ကျော် ပျက်စီးသွားခဲ့ရသည်ဟုလည်း HDCO က ဆိုထားသည်။

ဓာတ်ပုံ - HDCO

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.