သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၅
ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ဖမ်းမိသည့် ကျပ်ဘီလီယံ တစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စစ်ကောင်စီက ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တစ်နှစ်တာအတွင်း ဖမ်းဆီးရမိခဲ့သည့် အဆိုပါမူးယစ်ဆေးဝါးများကို ယမန်နေ့ ဇွန်လ ၂၆ ရက်တွင်ကျရောက်သော (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ယနေ့ ဇွန်လ ၂၇ ရက်တွင် ဖော်ပြထားသည်။
ယခုဖျက်ဆီးလိုက်သည့်အဆိုပါမူးယစ်ဆေးဝါးများကို တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီစသည့်တိုင်းဒေသကြီးများနှင့် မွန်၊ ကရင်၊ ရှမ်း၊ ကယားနှင့် ရခိုင်ပြည်စသည့်ပြည်နယ်တို့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ကျပ် ၁၀၇၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်)ရှိသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးများအထဲတွင် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ စိတ်ပြောင်းဆေးဝါး၊ (Happy Water)၊ ကက်တမင်း၊ ဆေးခြောက်အပါအဝင် တခြားအသေးအဖွဲမူးယစ်ဆေးဝါးများပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်ရှိ မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီဖြစ်သည့်တွက် ရခိုင်ပြည်ထဲတွင် စစ်ကောင်စီက မူးယစ်ဆေးဝါးများဖမ်းမိခြင်းမရှိဘဲ ရခိုင်သို့ပို့ဆောင်မည့်မူးယစ်ဆေးဝါးများကိုသာ ပဲခူးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ၉၇၂ ဒသမ ၄၆၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ - MOI
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။