Preview

ရခိုင်မှ ပြည်မသို့ ရိုးလမ်းကိုဖြတ်၍သွားသည့် လူငယ်အချို့ ငှက်ဖျားဖြစ်၍ သေဆုံး

သဉ္ဇာနွယ် | ဇွန် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :7503
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၅

ရခိုင်ပြည်မှ ပြည်မဖက်သို့ ရိုးလမ်းများမှတဆင့်သွားသည့်လူငယ်အချို့သည် ငှက်ဖျားရောဂါဖြစ်ပွား၍ သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

ရန်ကုန်သို့ ရရာလမ်းကြောင်းဖြင့်သွားကြသည့် လူငယ်အချို့သည် လမ်းတွင် တိုက်ပွဲများနှင့်အတူ စစ်ကောင်စီစစ်ဆေးရေးဂိတ်များကြောင့် ပိတ်မိနေမှုများရှိပြီး ငှက်ဖျားရောဂါဖြစ်ကာ သေဆုံးမှုများလည်းရှိနေသည်ဟု ရန်ကုန်ရောက်ရခိုင်လူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရိုးလမ်းတွေမှာ တိုက်ပွဲတွေလည်းရှိတယ်။ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း လွတ်အောင်ရှောင်ရသေးတယ်။ တောကြားတောင်ကြားမှာ ရက်အကြာကြီးပိတ်မိတယ်။ ပါလာတဲ့ အစားအသောက်တွေလည်းကုန်။ တောလမ်းတွေမှာ ဖြစ်သလိုအိပ်ရတယ်။ အဲဒီမှာ တောမှာ ငှက်ဖျားဖြစ်တာ။ ကျနော်တို့နဲ့တူတူလာတဲ့သူတွေအထဲမှာ လမ်းမှာသေကျန်ခဲ့တာ ၃ ယောက်လောက်ရှိတယ်။ မြို့နယ်မတူတော့ ဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိဘူး။ သေနေတာတွေကတော့ အတည်ပြုနိုင်ပါတယ်" ဟုပြောသည်။

ယင်းအပြင် ရန်ကုန်သို့ ရောက်ရှိချိန်တွင်လည်း ငှက်ဖျားရောဂါကူးစက်ခံရသူအချို့ ဆေးအချိန်မီ မကုသနိုင်သဖြင့် သေဆုံးမှုများလည်းရှိသည်ဟု တောင်ကုတ်ဒေသခံလူငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"တောင်ကုတ်တန်းလွှဲရွာမက ကျနော်နဲ့တူတူသွားတဲ့အစ်ကို သူလမ်းမှာငှက်ဖျားဖြစ်လာတာ။ မနေ့ကပဲ ရန်ကုန်ဆေးရုံကြီးမှာသေသွားတယ်။ တကယ်စိတ်မကောင်းဘူး။ ကျနော်သိရသလောက် ဒီလိုသေဆုံးမှုများနေတာ ၁၀ ယောက်ကျော်လောက်ရှိနေပြီ ဇွန်လအတွင်းမှာပေါ့။ လမ်းမှာသေတဲ့သူသေ။ ရန်ကုန်ရောက်မှ သေတဲ့သူသေ" ဟု ပြောသည်။

ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေးတို့ကြောင့် ပြည်မဘက်သို့ ယခုကဲ့သို့ သွားကြစဉ် လမ်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များအတွင်း ရိုက်နှက်စစ်ဆေးခံခဲ့ရမှုကြောင့် ရန်ကုန်သို့ရောက်လာသည့်အခါ ဆေးကုသမှုခံနေသူများလည်းရှိသည်ဟု ရန်ကုန်ရောက်ရခိုင်လူငယ်တစ်ဦးက ပြောသည်။

"ဘယ်ဂိတ်လဲ၊ ဘယ်နေရာလဲတော့ လုံခြုံရေးအရမပြောတော့ဘူး။ လမ်းမှာ စစ်ကောင်စီဂိတ်နဲ့တိုးတော့ စစ်ဆေးတယ်။ အသေအကြေရိုက်ပြီး ပြန်လွှတ်တာ။ အခုကျနော့်သူငယ်ချင်းဆို သွားကျိုး၊ လက်ကျိုးနဲ့ ဆေးရုံတင်ထားရတယ်"ဟု ပြောသည်။

ပြည်မသို့ထွက်ခွာသူအများစုမှာ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ၊ မင်းပြားအပါအဝင် ဒေသခံလူငယ်၊ လူလတ် အမျိုးသားများအပါအဝင် အမျိုးသမီးတချို့လည်းပါဝင်ကြောင်း သိရသည်။

ပြည်မသို့ထွက်ခွာစဉ် လမ်းတွင် စစ်ကောင်စီ၏ဖမ်းဆီးခံရမှုကြောင့် သတင်းအစအနပျောက်နေသူများလည်း ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ရခိုင်မှ ပြည်မဘက်သို့ သွားရောက်နေသည့် လူငယ်အချို့အားတွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.