လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၇ /၂၀၂၅
အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ် (MNDAA)နှင့် တအောင်းတပ် (TNLA)ဖွဲ့ထားသော ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်း မိုင်းယုဒေသ ၁၀၅ မိုင်တွင် ဖမ်းဆီးရရှိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု TNLA က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် (၁၀၂၇)စစ်ဆင်ရေးအပြီးတွင် ညီနောင်မဟာမိတ် သုံးဖွဲ့စတင်အုပ်ချုပ်သည့်အချိန်မှစ၍ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅)မိုင်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ယမန်နေ့ ဇွန်လ ၂၆ ရက်တွင် လူမြင်ကွင်း၌ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ ယနေ့ ဇွန်လ ၂၇ ရက်၊ ညနေ ၃ နာရီအချိန်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါးများသည် ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂)ခွက်၊ အထုပ် နှစ်ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃)ခု၊ Happy Water (၅၆)ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀)ပြားနှင့် ဘိန်းမည်းတစ်ထုပ်တို့ဖြစ်ကြသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် ယမန်နေ့ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ထိုမူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါမူးယစ်ဆေးဝါးများသည် ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသည်ဟုလည်း မိုင်းယုသတင်းဌာနက ထုတ်ပြန်ထားသည်။
ဒေသခံများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများကို တွေ့ရှိပါက အုပ်ချုပ်ရေးကော်မတီရုံးသို့ သတင်းပို့တိုင်တန်းပြီး ပူးပေါင်းပါဝင်ပေးကြရန် တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် မူဆယ် ၁၀၅ မိုင် မိုင်းယုဒေသကို ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းပိုက်ထားသည်။
ဓာတ်ပုံ - AA
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။