သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၅
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့တွင် တစ်ပတ်အတွင်း ရခိုင်စစ်ရှောင်နှစ်ဦးနှင့် အရှိုချင်းလူငယ် ခုနစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။
သူတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သည်ဟုဆိုကာ ဇွန်လ နောက်ဆုံးပတ်မှစ၍ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့အထိ စစ်ကောင်စီ၏ တပ်မ (၉၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပဒါန်းမြို့ပေါ်ရှိ နေအိမ်များမှတဆင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အခုတလော အဖမ်းခံရတာက အရှိုချင်းတွေများတယ်။ ပဒါန်းမြို့ခံတွေမဟုတ်ဘဲ ရွာ ဖက်ကအလုပ်လာလုပ်တဲ့သူများတယ်။ မနေ့ကအထိသိရသလောက် ခုနစ်ယောက်ရှိပြီ ဒီတစ်ပတ်အတွင်းမှာ။ ပြီးတော့ ပဒါန်းမှာစစ်ရှောင်နေတဲ့ ရခိုင်ဒေသခံ အမ်းမြို့က နှစ်ယောက်လည်း ပါသွားတယ်။ အကုန်လုံးက အမျိုးသားတွေပဲ။ အဓိကတော့ သူတို့အရှိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထံ တိုက်ခိုက်ခံနေရတယ်။ ပြီးတော့ ရခိုင်ဆို AA ။ အဲဒီအကြောင်းပြချက်ပဲရှိတာ" ဟု ပြောသည်။
ယခုကဲ့သို့ ဒေသခံများအားဖမ်းဆီးရာတွင် တပ်မ(၉၉)အပါအဝင် ဒေသခံပျူစောထီးများလည်းပါဝင်သည်ဟု သူက ပြောသည်။
ဖမ်းဆီးခံရသူများကို ပဒါန်းမြို့ရှိ ဆုံကုန်းအမြောက်ကြီးတပ်သို့ ပို့ဆောင်ထားပြီး ယနေ့ဇွန်လ ၂၇ ရက်နေ့အထိ ပြန်လွတ်လာခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ပဒါန်းမြို့နယ်ရှိ ဒေသအခေါ် တရုတ်မ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းခွင်မှ အသက် (၂၀)ကျော်အရွယ် အရှိုချင်းအမျိုးသားတစ်ဦးသည် မိမိကျေးရွာ ပဇီရွာသို့ ပြန်စဉ် လမ်းတွင် တပ်မ(၉၉)၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး တစ်လခန့်ကြာသည်အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
မတ်လအတွင်းကလည်း အမ်းမြို့နယ်မှ စစ်ရှောင် ၂၀ ခန့်အပါအဝင် ပဒါန်း- မင်းဘူးလမ်းဟောင်းရှိ တရုတ်ကျောက်မီးသွေးတွင်းတွင် အလုပ်လုပ်ကိုင်နေသည့် အရှိုချင်းအမျိုးသားခြောက်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်းကလညါး ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်စစ်ကောင်စီတပ်စခန်းကုန်းမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများသည် ဂုတ်ဝကျေးရွာသို့ ဝင်ရောက်ကာ ရွာအတွင်းနေထိုင်သည့် ချင်းလူမျိုး ၁၅ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။