Preview

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် ချဲထီလောင်းကစား ဆက်ရှိနေဆဲဟုဆို

နောင်မင်းသူ | ဇွန် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :2188
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၇ / ၂၀၂၅

ရခိုင်ရှိ အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားသည့် မြို့နယ်များတွင် စီးပွားဖြစ် လောင်းကစားများပြုလုပ်လာခြင်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားမြစ်ပိတ်ပင်ထား‌သော်လည်း မောင်တော၊ ဘူးသီး‌တောင်နှင့် ရသေ့တောင်ဒေသများတွင် ချဲထီလောင်းကစားများ ဆက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာဒေသခံလူကြီးတစ်ဦးက "စီးပွားဖြစ် ဖဲကစားတာကိုကျတော့ ဖမ်းဆီးတယ်။ အမှန်တကယ်ဆို နှစ်လုံးချဲက ပြည်သူတွေကို လူမွဲဖြစ်စေတာ။ နှစ်လုံးချဲဒိုင်တွေက တစ်နေ့ထက်တစ်နေ့ သူဌေးဖြစ်လာကြတယ်။ နှစ်လုံး၊ သုံးလုံးချဲဒိုင်အများစုက ပြည်မနဲ့ ဆက်သွယ်ပြီး ပြုလုပ်ကြရတဲ့လောင်းကစားဆိုတော့ အဓိကအရေးယူဖမ်းဆီးဖို့ လိုအပ်တာပါ"ဟု ပြောသည်။

AA သိမ်းပိုက်ထားသည့် မြို့နယ်အများစုတွင် စီးပွားဖြစ် ဖဲကစားခြင်း၊ ဒိုးဆပ်ကစားခြင်း၊ ကြွေအံ(ပဆိပ်)ကစားခြင်းများအပါအဝင် အခြားသော လောင်းကစားပြုလုပ်ခြင်းများကို မပြုလုပ်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများက ယခုရက်ပိုင်းမှစတင်ကာ ဆော်ဩလျက်ရှိနေပြီး လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။

သို့သော်လည်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ချဲထီလောင်းကစားများပြုလုပ်သူများကို ယခုထိတိုင် အရေးယူမူမရှိသေးဟု ဒေသခံများက ဆိုကြသည်။

မောင်တောဒေသခံလူကြီးတစ်ဦးက "ဘင်္ဂလာ အင်တာနက်ရနေတော့ နှစ်လုံးချဲက မောင်တောမြို့ပေါ်နဲ့ မြောက်ပိုင်း၊ တောင်ပိုင်းကျေးရွာတွေမှာ အတော်လေးတွင်ကျယ်နေတယ်။ အင်တာနက်မရတဲ့ ရသေ့တောင် လောင်းချောင်းမှာတောင် ချဲထိုးလို့ရနေတယ်။ ကျေးရွာအများစုမှာ ချမ်းသာသူထက် ဆင်းရဲတဲ့သူတွေ ပိုအထိုးများကြတယ်။ အရင်းအနှီးပြုတ်၊ အိမ်ပေါင်၊ ရွှေပေါင်၊ နွား‌ရောင်းရတဲ့အထိ နှစ်လုံးချဲကို ထိုးနေကြတာတွေ့ရတယ်။ ဂဏန်းတစ်ကွက်ကို သိန်းချီပြီးထိုးနေကြတာလည်း ရှိတယ်။ ချဲထိုးသူက မချမ်းသာဘဲ ဒိုင်တွေပဲ ချမ်းသာသွားကြတယ်။ ဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ နှစ်လုံးချဲ ထိုးတာ လုံးဝပပျောက်အောင် ထိရောက်စွာအရေးယူဖို့ လိုအပ်နေတယ်"ဟု ပြောဆိုသည်။

ရခိုင်တွင် စစ်ကောင်စီလက်ထက်က နှစ်လုံး၊ သုံးလုံးဟုခေါ်သည့် ချဲထီလောင်းကစားများကို အကြီးအကျယ် လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် ရခိုင်တို့၏ လူမှုစီးပွားဘဝများလည်း များစွာပျက်စီးကာ ဆင်းရဲတွင်း နက်သထက် နက်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း အဆိုပါချဲထီလောင်းကစားများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားမြစ်ပိတ်ပင်လျက်ရှိနေပြီဟု သိရသည်။

ဓာတ်ပုံ - မောင်တောတွင် ချဲထီလောင်းကစားပြုလုပ်သည့် ဘောင်ချာဖြတ်ပိုင်းအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.