Preview

တစ်နှစ်ကျော်ကြာအမိန့်မချနိုင်သေးသည့် မုဒိမ်းကျင့်ရန်ကြံစည်မှုကို ထိရောက်စွာအရေးယူပေးရန် နစ်နာသူမိသားစုကတောင်းဆို

ပိုးဝါ | ဇွန် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1512
ရခိုင် သတင်း

ပိုးဝါ၊နိရဥ္စရာ၊ဇွန်၂၇/၂၀၂၅ 

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ရွာမှာဖြစ်ပွားခဲ့သည့်မုဒိမ်းကျင့်ရန်ကြံစည်မှုကို တစ်နှစ်ကျော်ကြာအမိန့်မချနိုင်သေးသည့်အတွက် ထိရောက်စွာအရေးယူပေးရန် နစ်နာသူမိသားစုဝင်များက တောင်းဆိုသည်။ 

မုဒိန်းကျင့်ရန်ကြံစည်သူအဖြစ် စွပ်စွဲခံရသူမှာ လွန်းလုံးပိုက်ရွာမှ သားမောင်ချေ(ခ)မျိုးသက်နိုင် (၂၄နှစ်) ဖြစ်သည်။ 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ညနေ ၆ နာရီခန့်မှာ နစ်နာသူအမျိုးသမီးက ၄င်း၏ခြံဝင်းအနောက်ဖက်ရှိအိမ်သာသို့သွားစဉ်  အိမ်နားနီးချင်းဖြစ်သည့် ကြံစည်သူသားမောင်ချေရောက်ရှိလာပြီး မုဒိမ်းကျင့်ရန်ကြံစည်သည့်အပြင် လူသတ်မှုကျူးလွန်ရန်ပါကြံစည်ခဲ့ခြင်းဖြစ်ကြောင်း နစ်နာသူ၏မိသားစုဝင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

“အချိန်မီလူရောက်လာလို့သာအသက်ရှင်ခဲ့ရတာ။ ဥက္ကဋ္ဌဟောင်းကိုယ်တိုင်သက်သေလိုက်ပေးထားတဲ့အမှုကို တစ်နှစ်ကျော်သွားပြီ။ ဘာမှမသိရသေးဘူး။ တရားခံကတော့ ရွာမှာပဲ အေးဆေးနေထိုင်လို့ ရနေတယ်။ ကျမတို့မှာသာ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ဒုက္ခရောက်၊ ပိုက်ဆံတွေလည်းကုန်တာပြောမနေနဲ့တော့။ ဒါကြောင့် ကြိုတင်ကြံစည်မှု၊ ပိုင်နက်ကျူးကျော်မှု၊ အသက်ကို ရွယ်စူးမှု၊ အဓမ္မပြုကျင့်မှု၊ ဂုဏ်သိက္ခာကျအောင်စော်ကားမှုနဲ့ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချပေးဖို့ တောင်းဆိုပါတယ်” ဟုပြောသည်။ 

အမှုဖြစ်ပြီးနောက် မုဒိမ်းကျင့်ရန်ကြံစည်သည့်သားမောင်ချေကို ULA/AA ကဖမ်းဆီးခဲ့သော်လည်း ၁၀ ရက်ခန့်အကြာမှာ အာမခံနှင့်ပြန်လွတ်လာခဲ့သည်ဟု သိသည်။

နစ်နာသူနှင့်မိသားစုမှာ ယခုဖြစ်စဉ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ဆေးကုသမှုခံယူခဲ့ရသလို အရှက်ရ၍ တခြားနေရာသို့ပြောင်းရွှေ့နေခဲ့ရသည်ဟု ဆိုသည်။ 

လက်ရှိမှာ လွန်းလုံးပိုက်ရွာတွင်ပြန်လည်နေထိုင်သည်မှာ ၂ လခန့်သာရှိသေးပြီး နစ်နာသူအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ခံစားနေရဆဲဖြစ်၍ အမြန်ဆုံးအရေးယူပေးရန်မိသားစုဝင်များက တောင်းဆိုသည်။ 

အမှုမှန်ပေါ်ပေါက်ရေးကူညီပေးနေသူအမျိုးသားတစ်ဦးက  “တရားခံကိုယ်တိုင်လည်း ကျူးလွန်ကြောင်းကိုဝန်ခံဖူးတယ်လို့ပြောတယ်။ မျက်မြင်သက်သေလည်း တရွာလုံးနီးပါးကိုရှိပြီးသား။ ဒီအချက်တွေနဲ့တောင် တရားခံကိုပြစ်ဒဏ်မချနိုင်ရင် ဒါက တရားရုံးကိုလည်း မေးခွန်မေးစရာပါ။ အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးနဲ့နစ်နာမှုတွေကို အရေးတယူလုပ်ပြီးတရားခံကို အမြန်ဆုံးစီရင်ချက်ချအရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟုပြောသည်။ 

ယခုအမှုကိစ္စနှင့်ပတ်သက်၍သိရှိနိုင်ရန် ULA/AA ပြောခွင့်ရသူဦးခိုင်သုခကို နိရဥ္စရာကဆက်သွယ်နေဆဲဖြစ်ပြီး ပြန်လည်ဖြေကြားမှုမရှိသေးပါ။ 

မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သူသားမောင်ချေသည် စိုက်ပျိုးရေးကျောင်းမှာ ကျောင်းသူတစ်ယောက်အား မုဒိမ်းကျင့်ရန်ကြံစည်ခဲ့သည့်အတွက် ကျောင်းထုတ်ခံထားရသူဖြစ်ကြောင်း သိရသည်။ 

(ဓာတ်ပုံ- ဆိုရှယ်မီဒီယာ)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.