(ဆိုင်ကယ်တိုက်သွားသူ ထိုင်းအမျိုးသမီးမှ ယနေ့ထိဆေးကုသစရိတ်တာဝန်ယူမှုမရှိသေး)
နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၅
ထိုင်းနိုင်ငံတွင် ရခိုင်အမျိုးသမီးတစ်ဦးဆိုင်ကယ်တိုက်ခံရပြီးနောက် အရေးပေါ်ဆေးရုံတင်ထားရကာ သတိလစ်နေသည်မှာ ၅ ရက်ခန့်ရှိလာနေပြီဖြစ်သည်ဟု သတင်းရရှိသည်။
၎င်းရခိုင်သမျိုးသမီးမှာ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ကျေးရွာမှ မမူမူခိုင် (ဘ) ဦးအောင်ကျော်လှ (မိ)ဒေါ်မခင်ရွှေ ဖြစ်ကြောင်း သိရသည်။
သူမသည် ချွန်ပူရီမြို့တွင် ဇွန် ၂၃ ရက်နေ့ မနက်ပိုင်း၌ သူမ၏သူငယ်ချင်း ၃ ဦးနှင့်အတူ နေအိမ်မှ အလုပ်သို့ လမ်းလျှောက်သွားစဉ် ဆိုင်ကယ်မောင်းနှင်းလာသည့် ထိုင်းအမျိုးသမီးတစ်ဦးမှ ဝင်တိုက်သွားခဲ့သည်ဟု သိရသည်။
မမူမူခိုင်၏ လွယ်အိတ်ကြိုးနှင့် ဆိုင်ကယ်ဘက်မှတ် ငြိတွယ်ပြီး အရှိန်ဖြင့် သူမမှာလွင့်ပါသွားခဲ့သဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်ဟု သိရသည်။
ဆိုင်ကယ်တိုက်မှုဖြစ်သည့်အချိန်အစပိုင်းတွင် သူမမှာ သတိရနေပြီး ဆေးရုံသို့အရောက်တွင် သတိမရတော့ဘဲ လက်ရှိအချိန်ထိသတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။
ကူညီပေးနေသူတစ်ဦးက "မမူမူခိုင်ဟာ ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီးနောက် ဒီနေ့အချိန်ထိ သတိ မရသေးဘူး။ လက်ရှိချွန်ပူရီ ဆေးရုံမှာ ဦးနှောက်ခွဲစိတ်မှု ခံယူနေရပါတယ်။ ခြေလက်တွေတော့ နည်းနည်း လှုပ်တယ်။ သူ့ကို တိုက်သွားတာက ထိုင်းအမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်" ဟု ပြောသည်။
ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်ပြီး ရဲကို တိုင်ကြားထားပြီး လက်ရှိ အချိန်ထိ ဆိုင်ကယ်တိုက်သူအမျိုးသမီးက ဆေးကုသစရိတ်များကို တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသေးဟု သိရသည်။
“မမူမူခိုင်အား ဆိုင်ကယ်ဖြင့် တိုက်သွားတဲ့ ထိုင်းအမျိုးသမီးက လက်ရှိ အချိန်ထိ ဆေးကုသမှုစရိတ်အား တာဝန်ယူဆောင်ရွက်ပေးတာ မရှိသေးဘူး၊ ထိုင်းရဲကိုတော့ တိုင်ထားတယ်" ဟု ယောက်ခမဖြစ်သူဒေါ်မြဌေးက ပြောသည်။
လက်ရှိ မိဖများမရှိ၍ ဆေးဝါးကုသစရိတ်များ လိုအပ်နေကြောင်း သိရှိရသည်။
သတင်းရင်းမြစ်- Arakkha Post/ ပုံစာ - ဆေးရုံတွင် သတိလစ်နေသည့်မမူမူခိုင် (Credit: CJ)