Preview

ရခိုင်တွင် စစ်ကောင်စီက လမ်းပိတ်ထားမှုကြောင့် သွင်းအားစုများဈေးတက်နေ၍ စက်မှုလယ်ယာစနစ်မှ လက်မှုလယ်ယာစနစ်သို့ ရောက်ရှိလာ

စောရှင်မေ | ဇွန် ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :414
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဇွန် ၂၈/ ၂၀၂၅

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လမ်းပိတ်ထားမှုကြောင့် သွင်းအားစုများဈေးတက်နေ၍ စက်မှုလယ်ယာလုပ်ကိုင်ခြင်းစနစ်မှ လက်မှုလယ်ယာလုပ်ကိုင်ခြင်းစနစ်သို့ ရောက်ရှိလာနေသည်ဟု သိရသည်။

ယခင်အစိုးရအဆက်ဆက်တို့က လယ်သမားများကို လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းကြရန် တိုက်တွန်းပြောဆိုခဲ့ကြသည်။

သို့သော်လည်း လက်ရှိတွင် စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးများဖြတ်တောက်ပိတ်ဆို့ထားသည့်အတွက် ရခိုင်၌ စက်သုံးဆီအပါအဝင် လယ်ယာလုပ်ငန်းအတွက် သွင်းအားစုများ ဈေးအဆမတန်မြင့်တက်နေရပြီး ငွေကြေးမတတ်နိုင်သူများတွင် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ခြင်းမရှိဘဲ လက်မှုလယ်ယာစနစ်ဖြင့်ပင် ပြန်လည်လုပ်ကိုင်နေကြရသည်ဟု လယ်သမားများက ပြောဆိုကြသည်။

ကျောက်တော်မြို့မှလယ်သမားတစ်ဦးဖြစ်သူ ဦးခရိုမီလာက လယ်ယာလုပ်ငန်းများအတွက်အဓိက အသုံးပြုသည့် စက်သုံးဆီနှင့် ထွန်စက်သုံး စက်ပစ္စည်းကိရိယာများ အဆမတန် ဈေးမြင့်တက်နေသည့်အပြင် လယ်ထွန်စက်ဖြင့် လယ်ထွန်ယက်ရန် မတတ်နိုင်သူများရှိကြသည့်အတွက် လယ်ထွန်ယက်ရာတွင် ကျွဲ၊ နွားများဖြင့် ထွန်ယက်နေရကြောင်း ပြောသည်။

"စက်မရှိလို့ နွားနဲ့ထွန်တယ်။ နွားနဲ့ထွန်တာက ကြာတာပေါ့။ အရင်နှစ်တွေက စက်ရှိတဲ့သူတွေကို လယ်အငှားထွန်ခိုင်းတာပေါ့။ ဒီနှစ်က ပိုက်ဆံလည်းမရှိဘူးဆိုတော့ နွားနဲ့ထွန်ရတယ်။ ပိုက်ဆံက လည်ပတ်မှုမရှိဘူးလေ။ စပါးလည်းမရ။ ဈေးလည်း မရဘူး။ စက်နဲ့ထွန်ရရင်တော့ ပိုကောင်းတာပေါ့။ နွားနဲ့ထွန်တာနဲ့ ဘယ်တူမလဲ။ နွားနဲ့ထွန်လို့ တစ်ရက်မှာ ဝါး ၂၀၀ မနိုင်ဘူး။ စက်နဲ့ထွန်ရင် ဝါး ၅၀၀၊ ၆၀၀ လောက်ပြီးတယ်။ စက်တစ်လုံးတော့ လိုချင်တာပေါ့"ဟု ပြောသည်။

လယ်ဝါး ၁ဝဝ ကို ဧကဖြင့်တွက်လျှင် ဝ ဒသမ ၈ ဧကရှိပြီး လယ်တစ်ဧကတွင် ဝါးအပြန် ၁၂၅ ပြန်ရှိသည်ဟု လယ်သမားများက ပြောသည်။

ရခိုင်ဒေသ၏ လယ်ယာလုပ်ငန်းများတွင် အများအားဖြင့် ဝါးအပြန်နှုန်းဖြင့် တွက်ချက်၍ သုံးနှုန်းပြောဆိုလေ့ရှိကြသည်။

ဦးခရိုမီလာသည် ပြီးခဲ့သည့်နှစ်ကလည်း လယ်ဧက ၂၀ ထွန်ယက်စိုက်ပျိုးခဲ့သည့်အနက် မြေဩဇာမကြဲနိုင်၍ စပါးတောင်း ၁၂၀၀ ခန့်သာထွက်ရှိခဲ့သည့်အတွက် ထက်ဝက်ကျအရှုံးပေါ်ခဲ့ကြောင်း သိရသည်။

လယ်သမားများတွင် ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရိတ်သိမ်းခ၊ ကြဲထားသည့်စပါးများပျက်စီးသွားပါက ၎င်းနေရာတွင် ဖာထေးခစနှင့် လုပ်သားငှားခတို့အတွက် လယ်တစ်ဧကတွင် ငွေကြေးပမာဏ ကျပ်ငါးသိန်းခန့် ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။

blob
လယ်ထွန်စက်ဖြင့် အငှားထွန်းယက်ပါက စက်ကြီးဖြင့်ထွန်လျှင် တစ်ဧကကို ကျပ် တစ်သိန်းခန့်ပေးနေရပြီး လယ်ထွန်စက်အငယ်ဖြင့် ထွန်ယက်လျှင် တစ်ကဧကို ကျပ်ငွေ ၈၀၀၀၀ ဝန်းကျင်ခန့်အထိ ပေးနေရကြောင်း သိရသည်။

ထို့ကြောင့် လယ်သမားများအနေဖြင့် လုပ်သားငှားရမ်းခအပြင် လယ်ထွန်စက်ဖြင့် ငှားရမ်းရန် ငွေကြေးမတတ်နိုင်သည့်အတွက် မိမိတို့ကိုယ်ပိုင်နွားဖြင့် ထွန်ယက်ရကြောင်း ဦးခရိုမီလာက ဆက်ပြောသည်။

"စပါးမကြဲမီ လေးခေါက်လယ်ထွန်ရသေးတယ်။ သူများစက်နဲ့အငှားထွန်ရင် လယ်တစ်ဧကမှာ ထွန်ယက်ခနဲ့တင် ၄၊ ၅ သိန်းရှိတယ်။ တစ်ဧကမှာ စပါးတောင်း ၂၀၀ ကျော်လောက်ရမှ အဆင်ပြေမှာပေါ့။ ပြီးရင် စိုက်ပျိုးစရိတ်၊ ဖာထေးစရိတ်ရှိသေးတယ်။ ရိတ်သိမ်းစရိတ်။ အဲတော့ စက်အပိုင်လည်း မရှိဘူး။ ကိုယ့်မှာရှိတဲ့နွားနဲ့ပဲ ထွန်တယ်။ လယ်တောင်မှ သူများဆီကငှားပြီး လုပ်တာ။ အဓိက စက်နဲ့ မြေဩဇာတွေ အာဏာပိုင်တွေက စီစဉ်ပေးရင် အဆင်ပြေပါတယ်" ဟုပြောသည်။

ယခုနှစ် မိုးရာသီတွင် လယ်သမားများအနေဖြင့် လုပ်သားငှားရမ်းခ တစ်ရက်လျှင် ကျပ်နှစ်သောင်းမှ သုံးသောင်းဝန်းကျင်အထိရှိနေပြီး စပါးစိုက်ပါကာလ လယ်ထွန်အပြီးထိဆိုလျှင် လုပ်သားတစ်ဦးလျှင် စားစရိတ်အပါအဝင် ကျပ် ၁၀ သိန်းမှ ၁၄ သိန်းဝန်းကျင်အထိ ရှိနေကြောင်း လယ်သမားများက ပြောသည်။

လက်ရှိ ရခိုင်တွင် မြေဩဇာတစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်ခန့်ရှိပြီး စက်သုံးဆီတစ်ပေပါလျှင် ကျပ် ၁၅ သိန်းခွဲမှ ၁၈ သိန်းဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က လယ်သမားများအနေဖြင့် မြေဩဇာများမကြဲနိုင်သည့်အတွက် စပါးပင်များမဖြစ်ထွန်းခြင်းများရှိသလို စပါးဈေးကောင်းများမရရှိဘဲ အရှုံးပေါ်ကြသည့်အတွက် လယ်ဧကများကို လျှော့ချသူများရှိလာကြသည်။

blob
လယ်လုပ်သည့်ဧကများကိုလည်း လျှော့ချလိုက်ရပြီး လက်ရှိတွင် စက်သုံးဆီဈေးများမြင့်တက်နေသည့်အတွက် မိရိုးဖလာနည်းဖြစ်သည့် နွားများဖြင့် ထွန်ယက်အသုံးပြုနေကြကြောင်း ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“လယ်သမားတွေမှာ တနိုင်တပိုင်လုပ်မဲ့နေရာတွေမှာ နွားတွေကို ချည်ပြီး မြေဩဇာအစား နွားချေးဖုတ်ချတယ်။ ပြီးရင် ဆီဈေးတက်တာနဲ့ စပါးဈေးကလည်း မရှိဘူး။ ကောင်းတဲ့လယ်လောက်ကိုပဲ ရွေးထွန်ကြတယ်။ မနှစ်ကလည်း အရှုံးပေါ်ကြတယ်။ မြေဆီကမကြဲနိုင်၊ စပါးဈေးကမရဘူး။ ဝမ်းစာတောင်မကျန်ကြဘူး။ တချို့တွေဆိုရင် အရင်ကလိုရင် နွားနဲ့ပဲထွန်နေကြတယ်"ဟုပြောသည်။

ရခိုင်မှ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းများအား ပုံမှန်အတိုင်းလုပ်ကိုင်နိုင်ရန် ဒေသအာဏာပိုင်များအနေဖြင့် သွင်းအားစုဈေးနှုန်းများကို လျှော့ချပေးရန်လိုအပ်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်းပြောဆိုသည်။

ရခိုင်တွင် စပါးပေါ်ပြီး ရိတ်သိမ်းချိန်တန်လာပါကလည်း စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်း၊ စပါးရိတ်စက်ဖြင့် ရိတ်သိမ်းခ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ငွေကြေးမတတ်နိုင်သူများတွင် ယခင် မိရိုးဖလာနည်းအတိုင်း လက်ဖြင့်သာ ရိတ်သိမ်းနေကြရသည်ဟုလည်း သိရသည်။

ရခိုင်တွင် ရွှေဝါထွန်း၊ အိန္ဒိယချေ၊ စာပစိ၊ သီရိဒုံ၊ ငစိန်၊ ဧည့်မထ၊ ပေါ်ဆန်းမွှေး စသည့်စပါးအမျိုးအစားများကို စိုက်ပျိုးတတ်ကြသည်။

ရခိုင်ပြည်တွင် လယ်ဧကပေါင်း ၁၂ သိန်းဝန်းကျင်ရှိသော်လည်း ဧက ၁၀ သိန်းဝန်းကျင်ကိုသာ မိုးစပါးစိုက်ပျိုးနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများကြောင့် မိုးစပါးစိုက်ပျိုးဧက လျော့ကျလာကာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဧက ခုနစ်သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြသည်။

အခြားတစ်ဘက်တွင်လည်း ရခိုင်ပြည်တွင် ပြင်းထန်စွာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လယ်သမားများတွင် အိုးအိမ်၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများကြောင့်လည်း စိုက်ပျိုးလယ်ဧကများ လျော့နည်းလာရခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ယခုနှစ် လယ်သမားများ နွားများဖြင့် လယ်ထွန်နေကြသည်ကို မြင်ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လယ်ယာ#စိုက်ပျိုးရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.