Preview

လုံခြုံရေးကြောင့်ခရီးသွားထောက်ခံစာတောင်းခံရမှု အတိုင်းအတာတစ်ခုထိ ဖြေလျှော့ပေးစေလို

ကံ့ကော်နီနီ | ဇွန် ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :2792
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၂၉ / ၂၀၂၅

စစ်ရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် မြို့နယ်အတွင်း ခရီးသွားရာတွင် လိုအပ်သည့် ထောက်ခံစာတောင်းခံရမှုကို အတိုင်းအတာတစ်ခုထိ ဖြေလျှော့ပေးစေလိုကြောင်း တောင်ကုတ် ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

တောင်ကုတ်မြို့နေ ပြည်သူတစ်ဦးက "တစ်ခုခုသွားမယ်ဆိုရင် ထောက်ခံချက်စာယူရတယ်။ နေ့တိုင်းသွားနေကြရတဲ့နေရာတွေကိုလည်းတစ်ခါသွားဖို့အတွက် တစ်ခါယူရတယ်။ ထောက်ခံစာမပါရင် ဂိတ်တွေဖြတ်လို့အဆင်မပြေဘူး။ အဲလိုမျိုးကြီးကျတော့ သိပ်အဆင်မပြေဘူး။ထောက်ခံစာယူရတာနဲ့လေ"ဟု ပြောသည်။

လုံခြုံရေးအခြေအနေကြောင့် လက်ရှိတောင်ကုတ်မြို့နယ်ရှိဒေသခံပြည်သူများအနေဖြင့်မည်သည့်နေရာသို့မဆို ခရီးသွားလာရာတွင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ခွင့်ပြုချက်ထောက်ခံစာဖြင့်သာ ခရီးသွားလာနေကြရကြောင်း သိရသည်။

ထိုသို့ထောက်ခံစာယူရာတွင်မြို့နယ်အတွင်းရှိကျေးရွာများသို့ သွားလာရာတွင်လည်း ရပ်ကွက်ရုံးထောက်ခံချက်စာပါမှ ဖြတ်သန်းသွားလာခွင့်ရရှိသည်ဟု၎င်းတို့က ပြောဆိုကြသည်။

နောက်ထပ် တောင်ကုတ်မြို့ခံပြည်သူတစ်ဦးက "စစ်ရေးကာလ လုံခြုံရေးတင်းကျပ်ထားတဲ့အပေါ် မှာ နားလည်ပါတယ်။ ဒါပေမယ့် မြို့အနားကပ်နေတဲ့ ရွာတွေ၊ မြို့နယ်အတွင်းကရွာတွေကိုသွားတာလောက်ကိုတောင် ထောက်ခံစာယူနေရတော့ သိပ်အဆင်မပြေဘူး။ နည်းနည်းပါးပါး ဖြေလျှော့ပေးစေချင်ပါတယ်" ဟု ပြောသည်။

အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များကိုအာရက္ခတပ်တော်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်သော်လည်း အဖျက်အမှောင့် လုပ်ငန်းဖြစ်ပေါ်လာနိုင်၍   ပြည်သူများခရီးသွားလာရာတွင် ရပ်ကွက်ရုံးထောက်ခံစာနှင့်မြို့နယ်ရုံးထောက်ခံစာများကို ရယူပြီးမှသာ ခရီးသွားလာနေရခြင်းဖြစ်ကြောင်းပြည်သူများက ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ ခရီးသွားလာခွင့်ထောက်ခံချက်ရယူရာတွင် မြို့နယ်အတွင်း သွားလာခွင့်သက်တမ်း သုံးရက်ခွင့်ပြုသတ်မှတ်ပေးကြောင်း ပြည်သူများက ပြောသည်။

သို့သော်လည်းနေ့ချင်းပြန်ခရီးများတွင် အဆိုပါထောက်ခံချက်စာသက်တမ်းမှာအကျုံးမဝင်တော့ဘဲနောက်နေ့ ထပ်မံသွားလိုလျှင် ထောက်ခံစာထပ်ယူရကြောင်းပြောဆိုကြသည်။

ခရီးသွားလာခွင့်ထောက်ခံစာတစ်စောင်တောင်းလျှင်ကျပ်တစ်ထောင်မှ သုံးထောင်အကြား ကောက်ခံနေသဖြင့်ဒေသခံပြည်သူများအနေဖြင့်အခက်အခဲများ ရှိနေကြသည်ဟု သိရသည်။

စစ်ပွဲအလွန်လူမှုဘဝစားဝတ်နေရေးများ ပုံမှန်မလည်ပတ်သေးသည့် အဆိုပါမြို့နယ်များတွင်ပြည်သူများအများစုမှာ မြို့နှင့် နယ်ကျေးရွာများသို့လှည့်လည်ကာအခြေခံစားသုံးကုန်နှင့် ဟင်းရွက်သီးနှံများရောင်းချ၍စားဝတ်နေရေးဖြေရှင်းနေကြရခြင်းဖြစ်သည်။

ယင်းသို့အခြေခံပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် မိမိမြို့နယ်အတွင်းသွားလာမှုကိုပါ ထောက်ခံစာနေ့စဉ်ယူနေရ၍ အခက်ခဲကြုံနေကြကြောင်း နိရဉ္စရာသတင်းဌာနသို့ ပြောဆိုကြသည်။

ဓာတ်ပုံ - အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပေးသည့် ခရီးသွားလာခွင့် ထောက်ခံစာတစ်စောင်အား တွေ့ရစဉ်။

#နိုင်ငံရေး#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.