သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၃၀/၂၀၂၅
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းလမ်းပေါ်ရှိ အမြောက်တပ် (၃၄၄)အနီးတွင် စစ်ကောင်စီထိုးစစ်ကြောင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်လည်ပြင်းထန်လာနေကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အပိုင် ဂွ-ငသိုင်းချောင်းလမ်းပေါ်ရှိ မြောက်စမ်းကျေးရွာအနီး အမြောက်တပ်(၃၄၄)အနီးတွင် ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့မှစ၍ စစ်ကောင်စီ၏ထိုးစစ်ဆင်တိုက်ခိုက်ကြောင့် AA နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲပြန်လည်ပြင်းထန်လာနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီအမြောက်တပ်အနီးဝန်းကျင်မှာ အပြန်အလှန်ပစ်ခတ်မှုက ရှိတယ်။ ဒါပေမယ့် ထိုးစစ်အနေနဲ့မဟုတ်ဘူး။ သိပ်မပြင်းဘူးပေါ့။ မိုးလေဝသအခြေအနေကြည့်ပြီး ပစ်တော့ ပစ်နေကြတယ်။ ဒါပေမယ့် မနေ့ကစလို့ တိုက်ပွဲပြန်ပြင်းလာတယ်။ စစ်ကောင်စီဘက်က ပြန်ပြီးထိုးစစ်စတာပေါ့။ ဒီနေ့အထိ ပြင်းနေတယ်" ဟု ပြောသည်။
AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လအစပိုင်းက အမြောက်တပ်(၃၄၄)တပ်ရင်းအနီးဆုံးအထိ ရောက်ရှိနိုင်ခဲ့ပြီး နေရာအချို့ကို အသာစီးရခဲ့သည်ဟု သိရသည်။
သို့သော် စစ်ကောင်စီဖက်က ကျုံပျော်ခလရ (၃၆)အပါအဝင် ယခင်က နောက်ဆုတ်ထွက်ပြေးနေသည့် အမြောက်တပ်(၃၄၄)မှ စစ်ကောင်စီတပ်သားတို့ပူးပေါင်းအင်အားဖြည့်ပြီး ထိုးစစ်ဆင်လာသဖြင့် နောက်ဆုတ်ပေးခဲ့ရသည့်အနေအထားရှိခဲ့သည်ဟု ငသိုင်းချောင်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
"သူတို့ဖက်က မိုးရွာတဲ့အချိန်အခွင့်ကောင်းယူပြီး အင်အားဖြည့်တယ်။ ထိုးစစ်ပြန်တက်တယ်။ အစပိုင်းကတော့ အသာစီးရခဲ့ပေမယ့် နောက်ဆုတ်ရတဲ့အနေအထားမှာရှိခဲ့တယ်။ အခုတော့ ပြန်ပြီး တိုက်နေကြပါပြီ။ စစ်ကောင်စီဖက်က နေပူရင် ပါရာမိုတာနဲ့ပစ်တယ်။ ဗုံးလည်း ကြဲတယ်။ အမတ (၃၄၄)ကို အကျမခံဘူး" ဟု ပြောသည်။
ဇွန်လအစပိုင်းက AA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ငသိုင်းချောင်းမြို့အပိုင် သဲနုကုန်း၊ ကျားကိုက်ကွင်းအနီးပတ်ဝန်းကျင်ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ငသိုင်းချောင်းနှင့် ၁၀ မိုင်ခန့်သာဝေးသည့် အမြောက်တပ် (၃၄၄)ကို ဇွန်လ ၁၁ ရက်မှ တကျော့ပြန်စပြီး AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေခြင်းဖြစ်သည်။
အမြောက်တပ် (၃၄၄)ကို ၂၀၂၅ နှစ်ဆန်းပိုင်းမှစ၍ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - AA Info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။