Preview

AA ထံ စစ်သင်တန်းတက်မည့် လူငယ်များကို မြေပုံဒေသခံများ ရခိုင်မင်္ဂလာစည်တော်တီး၍ လိုက်ပါပို့ဆောင်

သဉ္ဇာနွယ် | ဇွန် ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :1616
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၃၀/၂၀၂၅

အာရက္ခတပ်တော်(AA)ထံ စစ်သင်တန်းတက်ရန်သွားသည့် လူငယ်များကို ရခိုင်ပြည်၊ မြေပုံမြို့နယ်ဒေသခံများက ရခိုင်မင်္ဂလာစည်တော်တီးပြီး လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

မြေပုံမြို့နယ်ရှိ ဝေးလံခေါင်ဖျားသည့် ဒေသ၊ ကျေးရွာများမှနေ၍ AA ထံ စစ်သင်တန်းတက်ရောက်ရန် လာကြသည့် ရာနှင့်ချီသည့် လူငယ်များကို ဒေသခံလူကြီး၊ လူငယ်၊ အမျိုးသမီး၊ အမျိုးသားများက ဝမ်းသာအားရဖြင့်ကြိုဆိုကာ ရခိုင်မင်္ဂလာစည်တော်တီးပြီး သောင်းသောင်းဖြဖြ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်ဟု မြေပုံဒေသခံအမျိုးသမီးငယ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီလူငယ်တွေက ဝေးလံခေါင်ဖျားတဲ့ဒေသတွေကလာကြတာ။ မိုးရာသီမှာတောင် ခက်ခက်ခဲခဲလာကြတဲ့သူတွေကို ကျမတို့အနေနဲ့ ပြည်သူတစ်ယာက်အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်" ဟုပြောသည်။

AA သည် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့သည့်မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

အာရက္ခပြည်သူလူလူထုတစ်ရပ်လုံးပါဝင်ခြင်းဖြင့် အမျိုးသားကာကွယ်ရေးတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်၊ တစ်မျိုးသားလုံး တက်ကြွစွာပါဝင်ခြင်းဖြင့် အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိန်းကာကွယ်နိုင်ရန်၊ အာရက္ခတိုင်းပြည်၏ ပြည်တွင်းပြည်ပ အန္တရာယ်အရပ်ရပ်ကို ကာကွယ်တားဆီးခြင်းအားဖြင့် အာရက္ခဒေသနေ လူမျိုး၊ ဘာသာတိုင်း စည်းလုံးချစ်ခင်စွာပါဝင်သော အမျိုးသားကာကွယ်ရေးစနစ်တစ်ခုကို ထူထောင်နိုင်ရန်နှင့် အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းမြှင့်တင်ရာတွင် နိုင်ငံသားတိုင်း တူညီသော တာဝန်နှင့် အခွင့်အရေးများကို ခံစားခွင့်ရရှိစေရန်စသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

blob
AA က ယင်းသို့ ပြဋ္ဌာန်းထုတ်ပြန်လိုက်ပြီးနောက် ယင်းပြဋ္ဌာန်းမှုကို ထောက်ခံသည့် လူငယ်များ အလွန်တရာပြားလာပြီး ယခုကဲ့သို့ လူငယ်များတက်တက်ကြွကြွဖြင့် သင်တန်းတက်ရန်လာရောက်ခြင်းကို ဝမ်းသာအားရကြိုဆိုသည်ဟု ULA/AA နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီပြဋ္ဌာန်းချက်ပြဋ္ဌာန်းပြီးနောက်ပိုင်း လူငယ်တွေက အတင်းခေါ်စရာတောင်မလိုဘူး။ သူ့အထုပ်သူဆွဲပြီး မျိုးချစ်စိတ်အပြည့်နဲ့ တက်တက်ကြွကြွလာကြတယ်။ ကျနော်တို့လည်း အမျိုးသားရေးလုပ်နေတဲ့သူပါ။ ဒီလိုလူငယ်တွေလာကြတာကို ဂုဏ်ယူတယ်။ ဝမ်းသာတယ်။ ဒါကြောင့် ရခိုင်မင်္ဂလာစည်တော်၊ ပွဲတော်တွေလုပ်ပြီး လူငယ်တွေကိုကြိုဆိုပြီးလိုက်ပို့ကြတယ်" ဟု ပြောသည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ထောက်ခံပြီး မောင်တော၊ တောင်ကုတ်၊ မြောက်ဦး၊ ပလက်ဝ၊ မြေပုံအပါအဝင် နောက်ထပ်မြို့နယ်များမှ ရာထောင်ချီသည့်လူငယ်များ စစ်သင်တန်းတက်ရောက်ရန် ဝင်လာကြသည်ဟု မြေပြင်သတင်းအရ သိရသည်။

ဓာတ်ပုံ - AA ထံ စစ်သင်တန်းတက်ရန်သွားသည့်လူငယ်များကို မြေပုံဒေသခံများက လိုက်ပါပို့ဆောင်ခဲ့စဉ်။ (Photo – GEM)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နိုင်ငံရေး#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.