မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၃ဝ/၂ဝ၂၅
ငလျင်ဒဏ်သင့်ခဲ့ရသည့် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦများကို ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင်နေပြီဟု သိရသည်။
ယင်းသို့ပြန်လည်ပြုပြင်နိုင်ရေးအတွက် ကျွမ်းကျင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေ၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သိရသည်။
ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကိုလည်း ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက မဟာမုနိဘုရားကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဦးစီကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြဆွေးနွေးကြကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ခဲ့ရသည့် မန္တလေး မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦများကိုလည်း ရှေးမူလက်ရာအတိုင်း ပိုမိုခိုင်ခံ့အောင်၊ လုပ်ငန်းများ မြန်ဆန်စွာ ပြီးစီးနိုင်အောင် စနစ်တကျ ကြပ်မတ်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီတို့မှ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များနှင့် ပေါင်းစပ်၍ အလေးထားဆောင်ရွက်သွားကြရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဘုရားကြီးဝန်းအတွင်း ပြန်လည်ပြင်ဆင်နေဆဲကာလဖြစ်သည့်အတွက် ဘုရားဖူးပရိသတ်များကို ဥပုသ်တစ်ရက်သာ ဖူးခွင့်ပေးထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်စဉ် မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ မကိုဋ်တော်စောင်းသွားပြီး ဘုရားသိမ်ဆောင်လည်း ပြိုကျပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - Popular
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။