သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁/၂၀၂၅
ရခိုင်ပြည်၊ အမ်းရိုးပေါ်မှ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် တောင်စောက်တောင်စခန်းအနီးရှိ တရုတ်ဓာတ်အားခွဲစက်ရုံမှ တရုတ်နိုင်ငံသားဝန်ထမ်းများအပါအဝင် စက်ရုံဝန်ထမ်းများကို စစ်ကောင်စီက သွားလာခွင့်အလွယ်တကူပေးထားသော်လည်း ဒေသခံများသွားလာခွင့်ကိုမူ တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသည်ဟု သတင်းရရှိသည်။
တောင်စောက်တောင် တရုတ်ဓာတ်အားခွဲစက်ရုံပိုက်လိုင်းတွင် အလုပ်လုပ်နေသည့် တရုတ်ဝန်ထမ်းများအပါအဝင် မြန်မာဝန်ထမ်းများသည် မကွေးတိုင်းရှိ ပဒါန်းမြို့ဖက်သို့သွားလျှင် ပဒါန်းစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်က အလွယ်တကူသွားလာခွင့်ပေးထားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တရုတ်တွေနဲ့ဝန်ထမ်းတွေမှာဆိုရင် ဝန်ထမ်းကတ်ပြားရှိတယ်။ အဲဒါကိုပြလိုက်ရင် စစ်ကောင်စီက မစစ်ဘူး။ တရုတ်နဲ့ပတ်သက်ရင် ဘာမှကို မဖြစ်တာ။ အစစ်ဆေးကြမ်းတဲ့ တပ်မ(၉၉)လည်း မနိုင်ဘူး။ ပဒါန်းမှာ ဆေးသွားကုမယ်ဆိုလည်း ရတယ်။ ဘာလုပ်လုပ် စစ်ကောင်စီဖက်က အခွင့်အရေးအပြည့်အဝပေးထားတယ်"ဟု ပြောသည်။
တရုတ်နှင့်ပတ်သက်သူများကို စစ်ကောင်စီက လူ့အခွင့်အရေးအပြည့်အဝပေးထားသော်လည်း ဒေသခံများကိုမူ ကျန်းမာရေးအရ အရေးပေါ်အခြေအနေဖြစ်နေသော်လည်း ပဒါန်းမြို့သို့ သွားရောက်ဆေးကုသခွင့်မရဖြစ်နေသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အဓိက ရိုးပေါ်ကဒေသခံတွေပေါ့။ သူတို့အရေးပေါ်အခြေအနေဖြစ်လို့ ဆေးရုံသွားတာတောင်မရဘူး။ စစ်ကောင်စီက လုံးဝခွင့်မပြုဘူး။ ဗိုက်ကြီးသည်တွေကိုတောင် ပြခွင့်မပေးဘူး။ အိမ်ထောင်စုစာရင်းစစ်တယ်။ ဆေးထောက်ခံစာစစ်တယ်။ ဒေသခံတွေ အစားအသောက်ဝယ်ခွင့်ကိုထားဦး။ သေခါနီးတောင် ဆေးကုသခွင့်မပေးဘူး။ မြို့ကိုဝင်ခွင့်မပေးဘူး။ လူ့အခွင့်အရေး တော်တော်ချိုးဖောက်ခံနေရတယ်" ဟု ပြောသည်။
အမ်း-ပဒါန်းလမ်းပေါ်တွင် ရှိသည့် ရိုးပေါ်ရှိကျေးရွာများမှာ အမ်းမြို့နယ်မှ ကမြင်းကန်၊ ငဖဲမြို့နယ်အပိုင် နယ်ခြားရွာ၊ စွန်တက်၊ လင်းတဲ၊ အထက်တုံးကြီး၊ အောက်တုံးကြီး၊ ဂုတ်ကြီး၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း စသည့်ကျေးရွာအပါအဝင် ရွာပေါင်း (၁၀)ကျော်မထက်မနည်းရှိသည်။
ယင်းရွာများတွင် နေထိုင်သူအများစုမှာ ချင်းလူမျိုးများဖြစ်ပြီး ရခိုင်နှင့် ဗမာလူမျိုးများလည်း ယှဉ်တွဲနေထိုင်လျက်ရှိကြကြောင်း သိရသည်။
သူတို့ကို ပဒါန်းမြို့သို့သွားရောက်ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများဝယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း တောင်စောက်တောင် တရုတ်ဓာတ်အားခွဲစက်ရုံသို့ ကုန်ပစ္စည်းများပို့ဆောင်ရန်လာသော ကုန်တင်ကားလေးစီးကို မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ဂုတ်ကြီးရွာအနီး စစ်ကောင်စီ၏တပ်မ(၉၉)စစ်ကြောင်းက AA ထံ ရိက္ခာပို့သည့်သံသယဖြင့်စစ်ဆေးမှုပြုလုပ်ခဲ့ရာ တရုတ်ဓာတ်အားခွဲရုံသို့သွားသည့်ကုန်တင်ကားများဖြစ်သည်ကို သိရသည့်အတွက် ပြန်လွှတ်ပေးခဲ့ရကြောင်း သိရသည်။
အမ်းမြို့နှင့် မိုင် ၂၀ အကွာတွင်တည်ရှိသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံအား လုံခြုံရေးယူထားခဲ့သော တောင်စောက်တောင်စစ်ကောင်စီစခန်းကို AA က ပြီးခဲ့သည့် ဇန်နဝါရီလအစပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - အမ်းမြို့နယ်အတွင်းရှိ ဒေသခံ ချင်းလူမျိုးအချို့အား ၂ဝ၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။