သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ မြို့မရဲစခန်းနှင့် အကျဉ်းထောင်တို့အတွင်းမှ အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သံသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အချုပ်သားနှင့် အကျဉ်းသားအချို့သည် ပျောက်ဆုံးမှုရှိနေပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံနေရသည်ဟု သတင်းများထွက်ပေါ်နေသည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားပြီး အမိန့်မချရသေးသည့် ကျောက်ဖြူမြို့မရဲစခန်းအတွင်းမှ အချုပ်သားအချို့သည် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ပျောက်ဆုံးမှုရှိနေသည်ဟု သတင်းရင်းမြစ်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မြို့မရဲစခန်းမှာ ချုပ်ထားတဲ့ လူငယ်၊ လူလတ်အရွယ် တချို့ပျောက်နေတယ်။ ပျောက်တာက တခါတည်း ပျောက်တာမဟုတ်ဘူး။ နည်းနည်းချင်းစီ ခေါ်ထုတ်သွားတဲ့ပုံစံ။ အဓိက AA နဲ့ဆက်စပ်တယ်ဆိုပြီး အချုပ်ချခံထားရတဲ့ သူတွေ။ ကျမတို့ကြားတာက တချို့ကလည်း စစ်မှုထမ်းသင်တန်းတက်ဖို့ စည်းရုံးခံရပြီး စစ်သားအဖြစ် အသွင်းခံရတာတွေလည်းရှိတယ်ကြားတယ်။ အတိအကျတော့ ကျမလည်း သေချာမသိရဘူး" ဟု ပြောသည်။
ယင်းအပြင် AA နှင့်ဆက်စပ်သံသယဖြင့် ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသည့် အကျဉ်းသားအချို့သည်လည်း ကျောက်ဖြူအကျဉ်းထောင်မှနေ၍ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးထံ ခေါ်ယူစစ်ဆေးခံရပြီး ဓညဝတီရေတပ်ဌာနချုပ်သို့ ပို့ဆောင်ခံနေရသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"AA နဲ့ဆက်စပ်ပြီး ထောင်ကျနေတဲ့အကျဉ်းသားတချို့ကို စရဖရုံးတွေ၊ ရဲစခန်းတွေကိုခေါ်ပြီး စစ်တယ်။ ပြီးတော့ တချို့ သွက်သွက်လက်လက်ကျန်းကျန်းမာမာရှိနေတဲ့ လူငယ်၊ လူလတ် အချုပ်သားတွေကို ဓညဝတီရေတပ်စခန်းကို ပို့လိုက်တယ်ကြားတယ်။ ဒီတစ်လနှစ်လအတွင်းမှာပါ။ တစ်ခါတည်းပို့တာမဟုတ်ဘူး။ အသုတ်လိုက် အသုတ်လိုက်ပို့တာ" ဟု ပြောသည်။
ယခုလက်ရှိပျောက်ဆုံးနေသည့် အကျဉ်းသားနှင့် အချုပ်သားများမှာ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းမသိရသည့်အပြင် ပြည်မဖက်သို့ ပြည်သူ့စစ်သင်တန်းတက်ရန်စေလွှတ်ခံရကြောင်းလည်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။
ယခုသတင်းနှင့်ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးကို စစ်ကောင်စီရေတပ် စစ်ရေယာဉ်များဖြင့် ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ ပို့ဆောင်လိုက်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အောက်တိုဘာ (၁၂) ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂) ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေအနီးအနားဝန်းကျင်၊ မလကျွန်းဧရိယာဝန်းကျင်နှင့် သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကပ်သပြေဝန်းကျင်တို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
ဓာတ်ပုံ - ကျောက်ဖြူအကျဉ်းထောင်အား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။