Preview

“ရခိုင်ပြည်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မမှူး (၂) ဦးထပ်မံသေဆုံးခဲ့”  AA လက်ချက်ဖြင့်စစ်ကောင်စီဒုတိုင်းမှူး/တပ်မမှူးထိခိုက်ဆုံးရှုံးမှု (၁၀) ဦးထိရှိလာ

လူထက်နိုင် | ဇူလိုင် ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :4823
ရခိုင် သတင်း

နိရဥ္ဇရာ၊ ဇူလိုင်၂ /၂၀၂၅ 

အာရက္ခတပ်တော်(AA) နှင့်တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့်တပ်မမှူး (၂) ဦးထပ်မံ သေဆုံးမှုရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး  မြန်မာ့စစ်ဘက်ရေးရာလုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)မှ ဇွန်လ၃၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးခဲ့သည့်ဗိုလ်မှူးချုပ်၂ဦးမှာခုက္ကူအခြေစိုက်တပ်မ-၁၀၁မှူးဗိုလ်မှူးချုပ်မြင့်ရွှေနှင့်မိုင်းပန်အခြေစိုက်စကခ-၁၇မှူးဗိုလ်မှူးချုပ်ရဲကျော်တို့ (၂) ဦးဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည်၂၀၂၄ခုနှစ်အတွင်းထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုတပ်မမှူး၂ဦးအထဲကဗိုလ်မှူးချုပ်ရဲကျော်သည်၂၀၂၄ခုနှစ်ဒီဇင်ဘာလမှာစကခ-၁၇  နမ့်ဖတ်ကာစစ်ဆင်ရေးကနေရခိုင်ပြည်မြောက်ပိုင်းမောင်တောနခခ-၅သို့စစ်ကူစေလွှတ်ခံရစဉ်AA ၏ဖြတ်တောက်တိုက်ခိုက်ခံရကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကြည်း၃၁၉၁၄ဗိုလ်မှူးချုပ်ရဲကျော်သည်စတသ-၄၂ကျောင်းဆင်းဖြစ်ပြီးကကကြည်း(G-1)၊မတူပီအခြေချဗျူဟာမှူးကနေ၂၀၂၃ဧပြီလမှာစကခ-၁၇နမ့်ဖတ်ကာတပ်မမှူးအဖြစ်ရာထူးတိုးလာခဲ့သူဖြစ်ပြီးမောင်တောတွင်တိုက်ပွဲပြင်းထန်နေချိန်တွင်နခခ (၅) သို့စေလွှတ်ခံခဲ့ရသည်ဟုသိရသည်။

စစ်မြေပြင်အတွင်းသေဆုံးခဲ့သည့်ဗိုလ်မှူးချုပ်ရဲကျော်ကို‌စစ်ကောင်စီက၂၀၂၅ခုနှစ်ဇန်နဝါရီလ၄ရက်နေ့ကဗိုလ်ချုပ်အဆင့်တိုးမြှင့်၍စစ်မှုထမ်းကောင်းတံဆိပ်ချီးမြှင့်ခဲ့သည်ဟုသတင်းတွင်ဖော်ပြသည်။

အလားတူတပ်မ-၁၀၁မှူးဗိုလ်မှူးချုပ်မြင့်ရွှေသည်ရခိုင်ပြည်တောင်ပိုင်းသံတွဲမြို့နယ်တိုက်ပွဲများအတွင်း၂၀၂၄ခုနှစ်ဩဂုတ်လဝန်းကျင်ကသေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ဟုသိရသည်။

တပ်မ-၁၀၁သည်ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးကနေတိုက်ပွဲပြင်းထန်နေသည့်သံတွဲမြို့နယ်သို့စစ်ကူစေလွှတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

ကြည်း၂၉၃၇၄ဗိုလ်မှူးချုပ်မြင့်‌ရွှေသည်စတသ-၃၉အပတ်စဉ်မှဖြစ်ပြီးကက(ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးကနေတပ်မ-၁၀၁တပ်မမှူးအဖြစ်ရာထူးတိုးကာတအာန်းတပ်(TNLA) ကဗိုလ်မှူးချုပ်မင်းမင်းထွန်းကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိပြီးနောက်အစားထိုးရောက်ရှိလာခဲ့သူဖြစ်ပြီးသံတွဲသို့စေလွှတ်ပြီးနောက်ပိုင်းတွင်ပျောက်ဆုံး(သို့မဟုတ်) သေဆုံးသွားခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာရက္ခတပ်တော်နှင့်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သည်ဗိုလ်မှူးချုပ်အဆင့်ဒုတိုင်းမှူးနှင့်တပ်မမှူးသေဆုံး (၂) ဦး၊သေဆုံး/ပျောက်ဆုံး (၄) ဦး၊စစ်သုံ့ပန်း (၄) ဦး၊စုစုပေါင်း (၁၀) ဦးထိထိခိုက်ဆုံးရှုံးခဲ့သည်။

ထို့အတူနပခ(အမ်း)တိုက်ပွဲများတွင်လည်းတဆရ(၂/၃၀၀) တပ်မှူးဗိုလ်မှူးချုပ်ထွန်းထွန်းဝင်းသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

ယခုသတင်းထုတ်ပြန်သည့်မြန်မာ့စစ်ဘက်ရေးရာလုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)သည် ဖက်ဆစ်အာဏာဖီဆန်ရေးလှုပ်ရှားမှုသူ (CDM)တပ်မတော်သားများဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ကြောင်းသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.