နိရဉ္စရာ၊ဇူလိုင် ၂/၂၀၂၅
ဇွန်လ၃၀ ရက်နေ့က နှစ်ဖက် အပစ်ရပ်စဲရေးကာလ ကုန်လွန်သွားပြီ ဖြစ်သဖြင့် တရုတ်စီမံကိန်းများတည်ရှိရာ ရခိုင်မှ ကျောက်ဖြူမြို့အနီးတွင်တိုက်ပွဲများပိုမိုပြင်းထန်စွာဖြစ်ပွားလာသည်ဟု မြေပြင် စစ်ရေးအခြေအနေများကို လေ့လာစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ပြောသည်။
" တိုက်ပွဲကမနေ့ကစပြီးပြန်ပြင်းနေတာ။ ဒီနေ့နဲ့ဆို နှစ်ရက်ရှိနေပြီ။ အပစ်အခတ်ရပ်စဲကာလလည်းကုန်ပြီဆိုတော့။ စစ်ကောင်စီဖက်ကလည်းထိုးစစ်ဆင်တယ်။ AAဖက်ကလည်း ဝိုင်းပတ်ပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်" ဟု ပြောသည်။
စစ်ကောင်စီတပ်သည်အပစ်ရပ်စဲရေးကာလတွင် အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ ခံစစ်အနေအထားဖြင့် နေနေသည်ကို အခွင့်ကောင်းယူကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး လက်ရှိ အေအေက ပြန်လည်ပြီး ၀ိုင်းပတ် ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် စစ်ကောင်စီ ဘက်က အထိနာနေသည်ဟု ၎င်းက ပြောကြားသည်။
“လက်ရှိ အကျအဆုံးများနေတာက စစ်သင်ဆင်းတဲ့ ပြည်သူ့စစ်တွေ၊ မွတ်ဆလင် စစ်သင်တန်း ဆင်းတွေ။ တချို့ဆို ဖမ်းမိထားတွေလည်းရှိတယ်။ နှစ်ဖက် တပ်ဖွဲ့အနေနဲ့ ဒရုန်းတွေ၊ လက်နက်ကြီး တွေနဲ့ အပြန်အလှန် တိုက်ကြတယ်။ ဖြစ်နေတာက နေရာ နှစ်ခုလောက်မှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ဇူလိုင် ၁ ရက်နေ့ကစပြီး ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊မလကျွန်းဧရိယာရှိ တရုတ်ဓာတ်ငွေ့သန့်စက် စက်ရုံ (OGT) အနီးအနားနှင့်အမှတ်(၃၂)ရဲတပ်ရင်းနှင့်ပြိုင်းစေ့ကေ့ရွာအကြားရှိနေရာများတွင်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် တရုတ် ဒရုန်းနည်းပညာရှင်များ၏အကူအညီဖြင့် ဒရုန်းဖြင့်ပိုမိုတိုက်ခိုက်ပြီး တိုက်ပွဲနှင့်မသက်ဆိုင်သည့် လူနေကျေးရွာများကိုလည်း ဗုံးကြဲချပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ကျောက်ဖြူစစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
" ကောင်းကင်မှာ ဒရုန်းတွေဝဲလာပြီဆိုရင် ထွက်ပြေးရတယ်။ ဒရုန်းနဲ့လိုက်ပစ်လို့မနေရဲဘူး။ တိုက်ပွဲမရှိရင်လည်း ပစ်တယ်။ရှိရင်လည်းပစ်တယ်။ တခါတလေနေဗီတွေကပစ်တယ်" ဟု ပြောသည်။
တိုက်ပွဲအတွင်း တရုတ်ဒရုန်း နည်းပညာရှင်အချို့ ဒဏ်ရာရရှိမှုဆိုသလို စစ်မြေပြင်တိုက်ပွဲ အတွေ့အကြုံမရှိသဖြင့် ထွက်ပြေးမှုများရှိနေကြောင်း ဒေသအတွင်း သတင်းများထွက်ပေါ် နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
စစ်ကောင်စီသည်ကျောက်ဖြူတိုက်ပွဲတွင် တရုတ်အကူအညီကို ရယူကာ ဒရုန်းများဖြင့်ဦးဆောင်တိုက်ခိုက်ပြီးလေကြောင်းနှင့်ရေကြောင်းကိုအသုံးပြုပြီးမြေပြင်တိုက်ပွဲကိုအားဖြည့် တိုက်ခိုက်နေသည်ဟု သိရသည်။
စစ်ကောင်စီဖက်မှ ရာသီဥတု နေပူလျှင် ဒရုန်းအသုံးများပြီး မိုးရွာလျှင် နေဗီပေါ်မှ လက်နက်ပစ်ကူပေးပြီး (AA)ကိုတိုက်ခိုက်ကြောင်းအဆိုပါ အမျိုးသမီးက ပြောကြားသည်။
အာရက္ခတပ်တော်ကလည်း ဒရုန်းများဖြင့် တိုက်ခိုက်သလို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်တွင်လည်း စနိုက်ပါများကို သုံးကာ ပြောက်ကျားစစ်ဖြင့် အနီးကပ်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီဘက်မှ ထိပ်တန်းတပ်မှူးအဆင့်ရှိသူများပါ ထိခိုက် သေဆုံးမှုများရှိနေသည်ဟု သိရသည်။
၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲများပြင်းထန်စွာဖြစ်လာခဲ့သည့်အတွက်ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်လျက်ရှိရာ မြို့နယ်တစ်ခုလုံးတွင်ပြီးခဲ့သည့်ဇွန်လအထိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေနှစ်သောင်းနှစ်ထောင်ကျော်အထိရှိလာနေ ကြောင်း သိရသည်။