နိရဥ္စရာ၊ဇူလိုင်၂/၂၀၂၅
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ရွာမှာ အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ရန် ကြံစည်မှုဖြင့်စွပ်စွဲခံထားရသည့်အသက် (၂၄) နှစ်အရွယ်သားမောင်ချေ(ခ) မျိုးသက်နိုင်ကိုအာမခံဖြင့် လွှတ်ထားရာမှ ဒီလပ်အဖွဲ့ကပြန်ဖမ်းဆီးထားပြီးအာမခံဖြင့်လွှတ်ပေးခဲ့သည့်တရားသူကြီးကိုလည်းသက်ဆိုင်ရာကခေါ်ယူစစ်ဆေးနေကြောင်းသတင်းရရှိသည်။
လွန်းလုံးပိုက်ရွာမှသားမောင်ချေ(ခ)မျိုးသက်နိုင် (၂၄နှစ်)ကိုဇွန်လ၂၈ရက်မှာ“ အာရက္ခပြည်သူ့ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန” ဒီလပ်DLEPS အဖွဲ့ဝင်များကပြန်လည်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနစ်နာသူအမျိုးသမီးမိသားစုဝင်တစ်ဦးကနိရဉ္စရာ သတင်းဌာနကိုပြောသည်။
“လိုင်းမှာသတင်းတွေတက်ပြီးအပေါ်ကသိသွားတယ်ထင်တယ်။နောက်နေ့လာဖမ်းသွားတယ်” ဟုပြောသည်။
ယင်းအပြင်မုဒိမ်းကျင့်ရန်ကြံစည်သူကိုအာမခံဖြင့်တစ်နှစ်ခန့်ကြာလွှတ်ပေးခဲ့သည့်တရားသူကြီးကိုလည်း အာရက္ခပြည်သူ့တပ်ထောက်လှန်ရေးကခေါ်ယူစစ်ဆေးနေသည်ဟုဆိုသည်။
နစ်နာသူအိမ်နီးနားချင်းအသက်၂၃နှစ်အရွယ်ကာယကံရှင်အမျိုးသမီးက“မကောင်းတဲ့လူကိုထိုက်သင့်တဲ့အပြစ်ပေးစေချင်တယ်။ဥပဒေမှာအမျိုးတော်လို့၊ပိုက်ဆံရှိလို့ဆိုတာမရှိရဘူး”ဟုပြောသည်။
၂၀၂၄ခုနှစ်၊ဇွန်လ၂၀ရက်၊ညနေ၆နာရီကျော်ခန့်မှာနစ်နာသူအမျိုးသမီးက၄င်း၏ခြံဝင်းအနောက်ဖက်မှာအိမ်သာတက်နေစဉ် နစ်နာသူအိမ်နှင့်တစ်အိမ်ကျော်မှသားမောင်ချေအဝတ်ဗလာဖြင့်ရောက်ရှိလာပြီးလည်ပင်းညှစ်သတ်ကာမုဒိမ်းကျင့်ရန်ကြံစည်သည့်အပြင်ရေနစ်သတ်ရန်ကြံစေခဲ့သည်ဟုကာယကံရှင်နစ်နာသူအမျိုးသမီးကပြောသည်။
ထိုသို့အသက်အန္တရာယ်ဘေးဖြင့်ကြုံတွေ့နေစဉ်ကျေးရွာသားတစ်ဦးကမြင်တွေ့သွား၍သူ၏ကြံစည်မှုကလွတ်မြောက်ခဲ့ပြီးအသက်ဘေးကချမ်းသာရာရခဲ့သည်ဟုသူမကပြောဆိုသည်။
နစ်နာသူနှင့်မိသားစုမှာယခုဖြစ်စဉ်ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးဆေးကုသမှုခံယူခဲ့ရသလိုအရှက်ရ၍တခြားနေရာသို့ပြောင်းရွှေ့နေခဲ့ရသည်။
အမှုဖြစ်ပြီးနောက်မုဒိန်းကျင့်ရန်ကြံစည်သည့်သားမောင်ချေကိုULA/AA ကဖမ်းဆီးခဲ့သော်လည်း၁၀ရက်ခန့်အကြာမှာအာမခံနှင့်ပြန်လွတ်လာခဲ့သည်ဟုသိရသည်။
သက်သေအစုံအလင်နှင့်တရားရုံးရုံးချိန်းအကြိမ်ကြိမ်တက်ခဲ့သော်လည်းအမှုမှာထူးခြားမှုမရှိဘဲတစ်နှစ်ခန့်ကြာမြင့်သည်အထိကျူးလွန်သူကိုမဖမ်းဆီးသည့်အပြင်လွတ်လပ်စွာသွားလာခွင့်ပေးထားခြင်းအပေါ်တရားဥပဒေကြောင်းအရဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
၎င်းမုဒိမ်မှုကျူးလွန်ရန်ကြံစည်သူသားမောင်ချေကိုဖမ်းဆီးပြီးတရားသူကြီးကိုစစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။
မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သူသားမောင်ချေသည်စိုက်ပျိုးရေးကျောင်းမှာကျောင်းသူတစ်ယောက်အားမုဒိန်းကျင့်ရန်ကြံစည်ခဲ့သည့်အတွက်ကျောင်းထုတ်ခံထားရသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
(ဓာတ်ပုံ- ဆိုရှယ်မီဒီယာ)