နိရဉ္စရာ၊ ဇူလိုင် ၂/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ရှေ့တန်းစစ်မြေပြင်မှထွက်ပြေးသွားသည့် တပ်ပြေးများကို လက်ခံထားသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူဒေသခံလူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ကိုမိုးစံထွန်း၊ ကိုအောင်ပိုင်၊ ကိုမိုးကျော်သန်းနှင့် ကိုသားကြီးတို့ ဖြစ်ကြပြီး ၎င်းတို့အားဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ အချိန်တွင် သူတို့နေအိမ်မှ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းOne Nation News တွင် သတင်းဖော်ပြထားသည်။
အဆိုပါ လူငယ် ၄ ဦး ကို တစ်စုံတစ်ရာသက်သေအထောက်အထားမရှိဘဲ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းနှင့် သူတို့အတွက် စိုးရိမ်နေကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှပြည်သူ့စစ်သင်တန်းဆင်းအချို့အပါအဝင် စစ်ကောင်စီတပ်သား ၂ဝ ဦးခန့်သည်ဇွန်လ ၂ဝ ရက်နောက်ပိုင်းမှစတင်ကာကစဉ့်ကလျားထွက်ပြေးခဲ့ကြသည်ဟုကျောက်ဖြူမြို့ခံသတင်းရင်းမြစ်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ပြည်သူ့စစ်တွေထွက်ပြေးတာများနေတယ်။ သူတို့က ရဲတပ်ရင်းနဲ့ ပြိုင်းစေ့ကေတိုက်ပွဲအတွင်းကထွက်ပြေးလာတာ။ မြို့ထဲကို ထွက်ပြေးကြတာ။ လူမနေတဲ့အိမ်တွေကိုဝင်ပြီးအဝတ်လဲတယ်။ ပြီးရင် လမ်းမှာ ထမင်းတွေ တောင်းစားပြီး ထွက်သွားကြတယ်" ဟုပြောသည်။
ယင်းသို့ထွက်ပြေးပျောက်ဆုံးနေသည့် စစ်ကောင်စီတပ်သားများကိုစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် စစ်သားများက မြို့ပေါ်တွင်အသည်းအသန်လိုက်ရှာခဲ့ကြပြီးနောက်ပိုင်းတွင်သူတို့အား လက်ခံထားသည်ဟု ဆိုကာ ကျောက်ဖြူဒေသခံများကို စွပ်စွဲ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မြို့ထဲမှာ အစစ်အဆေးကြမ်းနေတယ်။ လက်ရှိကျောက်ဖြူဒေသခံတချို့ကို တပ်ပြေးတွေကို လက်ခံ ထားပြီး ကူညီတယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းသွားတယ်လို့ ကြားရတယ်။ ဘယ်နှဦးဆိုတာတော့ အတိအကျ မသိရသေးဘူး။ ဖမ်းသွားတာတချို့ရှိတာ မှန်ကန်ပါတယ်" ဟု ပြောသည်။
လက်ရှိစစ်ကောင်စီက မြို့တွင်းထဲသို့ သူစိမ်းများရောက်ရှိလာပါက တိုင်ကြားရန် အသိပေးထားကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားထားသည်ဟု မြို့ခံများက ပြောသည်။
မြို့ထဲတွင်ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး စစ်သင်တန်းဆင်းမွတ်ဆလင်များအပါအဝင်စစ်ကောင်စီတပ်သားများကို မြို့ပတ်ပတ်လည် ဝင်ပေါက်များတွင်လုံခြုံရေးတင်းကြပ်စွာချထားကာ လူဝင်/လူထွက်များအားစောင့်ကြည့်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းစစ်ကောင်စီဘက်က အရာရှိများအပါအဝင် အောက်ခြေတပ်သားများအထိအကျအဆုံးများနေသဖြင့်အေအေထံလက်နက်ချ အလင်းဝင် သူများရှိသလို လက်နက်မဲ့ တပ်ကို စွန့်ခွာကာ ထွက်ပြေးမှုများလည်း ရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်းကျောက်ဖြူတွင် စစ်ကောင်စီတပ်မ(၁၁)နှင့်တပ်မ(၉၉)ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံးသည် အာရက္ခတပ်တော်(AA)ထံ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိ ကျောက်ဖြူမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင် ၁ ရက်နေ့က စတင်ကာ တိုက်ပွဲများ အပြင်းအထန်ပြန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။