သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၃/၂၀၂၅
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်သည့်အမျိုးသမီးသုံးဦးထဲတွင် ရခိုင်မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းပါဝင်သည်ဟု သိရသည်။
ယနေ့ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အဖြစ် ဝဏ္ဏကျော်ထင်ဘွဲ့ကို နိုင်ငံတဝန်းမှ အမျိုးသမီးသုံးဦးအား စစ်ကောင်စီက ချီးမြှင့်လိုက်ရာ ယင်းအထဲတွင် ALP ဥက္ကဋ္ဌ စောမြရာဇာလင်းပါဝင်သည်ကို စစ်ကောင်စီထုတ်ပြန်ချက်များ၌ တွေ့ရသည်။
စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်လိုက်သူ သုံးဦးမှာ ALP ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနှင့် စစ်ကောင်စီပညာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဒေါက်တာဒေါ်ပိုတို့ဖြစ်သည်။
"သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်ထူးချွန်ပြောင်မြောက်စွာကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ချီးမြှင့်သည်" ဟု စစ်ကောင်စီက ဆိုထားသည်။
ဝဏ္ဏကျော်ထင်ဘွဲ့မှာ အများပြည်သူတို့၏ ကောင်းရာကောင်းကျိုးကိုဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
စစ်ကောင်စီ၏ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံရသည့် ရခိုင်မှ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းသည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသူဖြစ်ပြီး စစ်ကောင်စီကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ဝဏ္ဏကျော်ထင်ဘွဲ့အပါအဝင် သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သည့် သီဟသုဓမ္မသိင်္ဂီနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်စသည့် ဘွဲ့များနှင့် တံဆိပ်များကို အမျိုးသမီး ၁၅၀ ဦးအား ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
ဓာတ်ပုံ - စောမြရာဇာလင်းအား ALP အခမ်းအနားတစ်ခုအတွင်း တွေ့ရစဉ်။ (Photo - ALP)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။