Preview

မြန်မာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီး စစ်ဘေးရှောင်အချို့၏ စကားသံများ (Voxpop)

စောရှင်မေ | ဇူလိုင် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :1321
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၃/၂ဝ၂၅

ယနေ့ ဇူလိုင်လ ၃ ရက်သည် မြန်မာအမျိုးသမီးများနေ့ဖြစ်ပါသည်။ လက်ရှိ ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများအတွင်း အမျိုးသမီးများလည်း အမျိုးသားများနှင့်အတူ စစ်ဘေး၊ စစ်ဒဏ်တို့ကို ခံစားကြုံတွေ့နေကြရသည်။

ထိုစစ်ဘေးပဋိပက္ခများအတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေဖြစ်သည့် ရခိုင်ပြည်နှင့် စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်သည့် ပြည်မဘက်ရှိ ရခိုင်အမျိုးသမီးစစ်ဘေးရှောင်အချို့ မည်သို့မည်ပုံရုန်းကန်လှုပ်ရှားနေကြရသည်ကို မြန်မာအမျိုးသမီးများနေ့တွင် နိရဉ္စရာက မေးမြန်းဖော်ပြပေးလိုက်ပါသည်။

မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံမှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ စွမ်းဆောင်ရည်ရှိသည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၈ ခုနှစ်မှစပြီး ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားပွဲများ ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
---
ဒေါ်သန်းသန်းအေး (စစ်ဘေးရှောင်၊ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ)
“နေရေးထိုင်ရေးကတော့ လောလောဆယ် စစ်ဘေးရှောင်စခန်းကတော့ အဆင်ပြေတယ်လို့ပြောရမယ်။ စာရေးသောက်ရေးကတော့ အမျိုးသားရှာတာကို ချွေတာပြီးစားရတာပေါ့။ ကလေးတွေကလည်း ပညာသင်ရတဲ့အရွယ်တွေ။ ကိုယ့်အိမ်မှာလည်း မနေရဘူး။ မိုးရာသီဆိုတော့ စားရေးသောက်ရေးက အဆင်မပြေဘူး။ ၂၃ နှစ်အရွယ် သမီးတစ်ယောက်ရှိတယ်။ အရင်တုန်းကတော့ ဖယောင်းတိုင် ထုတ်လုပ်တဲ့အလုပ်မှာလုပ်တယ်။ အခုက အဲအလုပ်လည်း ပြောင်းသွားတော့ မရှိတော့ဘူး။ ၂၁ နှစ်အရွယ် သားတစ်ယောက်ကလည်း ကျန်းမာရေးသိပ်မကောင်းတော့ အလုပ်တိုင်းကိုမလုပ်နိုင်ဘူး။ Grade - (11) သမီးတစ်ယောက်ရှိတယ်။ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ရှိတယ်။ အဲဒီကလေးတွေနဲ့ အဖေရှာကျွေးတာကို မှီခိုပြီးစားနေရတာလေ။ နယ်ဘက်တွေမှာ ငတ်နေတဲ့သူတွေအများကြီး။ ဒါကို ကျွန်မတို့အမျိုးသမီးတွေကပဲ စိတ်ပူရတာပေါ့။ အမျိုးသားနေမကောင်းဖြစ်မှာကိုပဲ ကြောက်နေရတယ်။ အမျိုးသား အရင်တစ်ခေါက်နေမကောင်းဖြစ်တုန်းကလည်း သတိလစ်သွားလို့ စိတ်ပူလိုက်ရတာ။ ပိုက်ဆံလည်းမရှိတော့ သူများဆီကချေးငှားပြီး ကုလိုက်ရသေးတယ်”

ဒေါ်နွယ်နွယ်အေး (စစ်ဘေးရှောင်၊ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ)
“လက်ရှိမှာက စားဝတ်နေရေးအခက်အခဲနဲ့ ကြုံတွေ့နေရတာပေါ့။ ဒီကိုစစ်ဘေးရှောင်ဖို့ရောက်ကတည်းကနေ အလုပ်မရှိဘူး။ ဘာလုပ်စားရမလဲ စဉ်းစားလို့မရဘူး။ ပါလာတဲ့တစ်ပြားတစ်ချပ်ကို ထိုင်စားတယ်။ နောက်နည်းနည်းကြာတော့ ရခိုင်မုန့်တီထွက်ရောင်းတယ်။ မနက်ကနေထသွားတော့ ညနေမှရောက်တယ်။ ပြန်ရောက်ရင်လည်း တစ်ယောက်တည်းဆိုတော့ လိုက်မမီဘူး။ ပင်ပန်းလို့ နေမကောင်းဖြစ်တာတွေလည်း ရှိတယ်။ အဲလိုလုပ်စားရတာ အဆင်မပြေလို့ မရောင်းဘဲရပ်ထားလိုက်တယ်။ ကိုယ်နေတဲ့ စစ်ဘေးရှောင်စခန်းမှာ တနိုင်တပိုင် ရခိုင်မုန့်တီ၊ ခေါက်ဆွဲ၊ ထမင်းကြော်ရောင်းတယ်။ အရင်တုန်းကတစ်ခါမှ ဒီလိုအလုပ်တွေ မလုပ်ဘူး။ ဒါပေမယ့် လုပ်ကြည့်ရင်းအဆင်ပြေသွားတယ်။ တစ်ရက်မှာ တစ်သောင်းမြတ်ရင်မြတ်ပေါ့။ ဟင်းစားရမလား။ အသုံးစရိတ်ရမလားပေါ့။ စစ်ဘေးရှောင်နေတာ တစ်နှစ်ကျော်ပြီ။ အမေနဲ့ နှစ်ယောက်လုပ်စားကြတယ်။ စစ်ဘေးရှောင်စခန်းမှာဆိုတော့ နေရာလည်းသိပ်အကျယ်အဝန်းမရတော့ အစ်မတို့မိသားစုတွေနဲ့နေဖြစ်တယ်။ အိပ်တဲ့အခါ အဒေါ်တွေနဲ့အိပ်တယ်။ ကယ်ဆယ်ရေးထောက်ပံ့ကြေးတွေလည်း မရဘူး။ အမေကလည်း ကိုယ်ဒုက္ခခံရင် အမေလည်း အဲတိုင်းပဲ။ ငွေအပိုအလျှံမရှိတော့ အမေလည်း အသက်ကြီးနေပြီ။ လှူချင်လည်း မလှူမတန်းနိုင်ဘူးပေါ့။ ကယ်ဆယ်ရေးထောက်ပံ့ကြေးတွေ ရရင်လည်း ကောင်းမယ်။ ပြီးရင် လေယာဉ်လာလို့တစ်မျိုး စိတ်ရှုပ်ရတယ်။ မအိပ်နိုင်ဘူးပေါ့။ အိပ်ရေးပျက်တဲ့ညတွေလည်း မနည်းတော့ဘူး။ ဂျက်လေယာဉ်မလာလောက်တဲ့နေရာမှာ နေရာချင်ပေမယ့်လို့ လုပ်စားရတာအဆင်ပြေမှာ မဟုတ်ဘူး။ လေယာဉ်ဗုံးလာချလို့ အရင်းပြုတ်တာ လေးခါရှိပြီ။ တစ်ခါတစ်ခါ အရင်းပြုတ်ရင် ခုနစ်သောင်း၊ ရှစ်သောင်းလောက်ရှိတယ်။ ပဲကြော်ကြော်နေရင်း ဂျက်လာလို့မြောင်းထဲကို ဆင်းပြေးရတယ်။ အကုန် လွှင့်ပစ်လိုက်ရတာတွေရှိတယ်”

blob

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး (အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ)

“စစ်တွေမြို့ကနေ စစ်ဘေးရှောင်နေတာ တစ်နှစ်ကျော်ပြီ။ ရောက်ခါစဆိုရင် အဆင်မပြေဘူး။ တခြားနေရာမှာဆိုတော့ ဘာလုပ်စားရမှန်းမသိဘူး။ အခက်အခဲအများကြီးရှိတယ်။ ကိုယ်နဲ့လည်း ကျွမ်းကျင်နေတဲ့နေရာမဟုတ်ဘူး။ ရောက်တဲ့နေရာမှာ မိတ်ဖွဲ့တယ်။ ဘာလုပ်ရင်ကောင်းမလဲ လေ့လာတယ်။ ရင်းနှီးတဲ့သူတွေကလည်း လက်တွဲခေါ်ကြတယ်။ ကုန်ရောင်းကုန်ဝယ်လုပ်ရင်းနဲ့ အဆင်ပြေအောင်ကြိုးစားကြတာပေါ့။ ကျန်းမာရေးကောင်းအောင် နေရတယ်။ ကိုယ်နဲ့ဘဝတူတွေဆိုရင် ပြောပြ၊ ဆိုပြတာပေါ့။ အဆင်ပြေရင် ဘယ်လိုလုပ်ရမလဲ တိုင်ပင်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးကြတာပေါ့။ ကိုယ်နဲ့ရင်းနှီးတဲ့ တချို့မိန်းကလေးတွေဟာဆိုရင် အရင်တုန်းက ယောကျ်ားလုပ်စာကိုထိုင်စားပြီးနေကြတာ။ အခုဆိုရင် ယောကျ်ားလုပ်စာနဲ့အဆင်မပြေတဲ့အခါ မိသားစုအတွက် ကိုယ်တိုင်ကအလုပ်ထွက်လုပ်ပြီး အထုပ်တွေထမ်းပြီး လုပ်စားနေရတာကို မြင်ရတယ်။ သကြားအိတ်တွေဆိုလည်း မသယ်နိုင်ဘူး။ နိုင်အောင်သယ်ရတယ်။ အကျင့်လုပ်ယူကြရတာမြင်တယ်။ ဒါမှလည်း စားဝတ်နေရေး၊ ကျန်းမာရေးဖူလုံနိုင်မှာလေ။ တချို့တွေဆို ကယ်ဆယ်ရေးမှာနေရတယ်။ အဲမှာနေရင်လည်း အမျိုးသမီးလုံခြုံမှုက တော်တော့်ကို သတိထားရတယ်။ ကျွန်မရဲ့အသိတစ်ယောက်မှာ သမီးတစ်ယောက်ဆိုရင် ဆယ်ကျော်သက်ပေါ့နော်။ အိမ်သာတက်ဖို့သွားရင်တောင် သူ့အဖေက သမီးကိုစောင့်ပေးရတယ်။ မဟုတ်ရင် နောက်က လိုက်လာတာမျိုးတွေ ကြုံရတာပေါ့။ ကလေးတွေအတွက် မလုံခြုံဘူးပေါ့။ ကိုယ့်အိမ်နဲ့မတူဘူးပေါ့။ အလုပ်လုပ်ရတာ အဆင်မပြေတာလည်း အများကြီးပါ။ ဒါပေမယ့် သန်မာရမယ်။ ကျန်းမာရမယ်လို့ အချင်းချင်းအားပေးဖြစ်တယ်။ အရောင်းအဝယ်လုပ်တာလည်း ဈေးအနှိမ်ခံရတာလည်းရှိတယ်။ မတရားခိုင်းပြီး တန်ကြေးမပေးတာတွေရှိတယ်။ တချို့ဆို ကိုယ်ချင်းစာတရားမရှိဘူးပေါ့။ လူငယ်မိန်းကလေးတွေဆိုရင် စာသင်ချင်ပေမယ့် စာသင်ဖို့အခွင့်အရေးမပေးဘူး။ အဝေးကိုသွားပြီး အလုပ်လုပ်ရတယ်။ မိသားစုကိုထောက်ပံ့ရတဲ့ အခြေအနေရောက်သွားကြတာပေါ့။ ပြီးရင် စစ်ဘေးရှောင်တွေဆို အထင်အမြင်သေးတာတွေရှိတာပေါ့။ ကျွန်မတို့လည်း အိမ်ကိုပစ်ပြီး လာချင်လို့လာတာမဟုတ်ဘူး။ ပုံမှန်အခြေအနေမဟုတ်တော့ စိတ်ပိုင်းဆိုင်ရာတွေက ထိလွယ်ရှလွယ်ဖြစ်ကြတယ်။ စကားအပြောအဆိုက အစပေါ့။ ပြောချင်တာပြောပစ်လိုက်ကြတယ်။ အဲတော့ အချင်းချင်းညှိနှိုင်းပြီးတော့ ဖေးမကူညီပေးစေချင်တယ်။ တစ်နိုင်ငံလုံးဖြစ်နေတာဆိုတော့ အားပေးစေချင်တာပေါ့။ ဒီလူတွေလည်း လုံခြုံတဲ့နေရာမှာ နေကြရတာမှမဟုတ်တာ။ တချို့တွေဆို ညီအစ်ကိုမောင်နှမတွေလို လုံခြုံမှုပေးတာတွေရှိတယ်။ ကိုယ်တစ်ယောက်တည်းရပ်တည်နေတာဆိုတော့ အစစအရာရာ အခက်အခဲပေါ့။ ကိုယ်အလုပ်လုပ်လို့ရတဲ့ နေရာမှာနေရာတာပေါ့။ လေယာဉ်ဝဲတာကအစ စိုးရိမ်ရတယ်”

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး (စစ်ကောင်စီထိန်းချုပ်နယ်မြေ)

“စစ်ရေး၊ နိုင်ငံရေးတွေမှာ အမျိုးသမီးတွေက ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကတော့ အများကြီးပဲ။ ပြောလို့တောင်ကုန်မှာမဟုတ်ဘူး။ စစ်ရေး၊ နိုင်ငံရေးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ အများကြီးကို အမျိုးသမီးတွေဟာ ရင်ဆိုင်နေကြရတယ်။ အဓိက အိမ်တွင်းအကြမ်းဖက်မှုတွေက အမျိုးသမီးအများစု ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက် နေ့တိုင်းနဲ့အမျှ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကိုခံနေကြရတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးကျပ်တည်းမှုတွေ၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုအတွက်နဲ့ မိသားစုတွေမှာ ဝင်ငွေနည်းလာတဲ့အခါ အဲလိုပြဿနာတွေဟာ အများကြီးကြုံတွေ့လာရတယ်။ အမျိုးသမီးအများစုဟာ မိသားစုတစ်စုလုံးမှာရှိတဲ့ အိမ်မှုကိစ္စ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကအစ အားလုံးကို အမျိုးသမီးကပဲ ရင်ဆိုင်ပြီးဖြေရှင်းနေရတယ်။ ပြီးရင် ဝင်ငွေ၊ ထွက်ငွေမလုံလောက်တာတွေ စားစရိတ်မဖူလုံတာကြောင့် အမျိုးသမီးတွေက ပိုခံစားကြရတယ်။ လက်ရှိမှာဆိုရင် ပိုဆိုးတာပေါ့။ အရင်က လုပ်ငန်းခွင်ထဲကအမျိုးသမီးတွေ၊ ကိုယ်ပိုင်အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေဟာ အခုအချိန်မှာ ဝင်ငွေမရှိကြတဲ့အခါ အဲဒါတွေကိုဖြေရှင်းရတယ်။ အလုပ်အကိုင်မရှိလည်း နှိမ်တာ၊ ပြဿနာရှာတာတွေကို ခံရတယ်။ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးအတွက်လည်း အမျိုးသမီးက ဒိုင်ခံပြီး ဖြေရှင်းရတယ်။ အမျိုးသားက မလုပ်ဘူးလားဆိုတော့ လုပ်တယ်။ သို့သော် ဝင်ငွေက လောက်ငမှုမရှိဘူး။ ပြည်မဘက်မှာ ပိုပြီးကြုံတွေ့နေရတာက ပြည်မဘက်တွေကိုတိမ်းရှောင်လာကြတယ်။ ဒီမှာက အိမ်ငှားခတွေက ဈေးကြီးတယ်။ ကိုယ်ပိုင်အိမ်မရှိတော့ ပိုပြီးဒုက္ခရောက်တယ်။ များသောအားဖြင့်က မတတ်နိုင်တဲ့သူပိုများတယ်။ အိမ်လစာကလည်း တစ်လနဲ့တစ်လမတူဘူး။ အိမ်ငှားခကို ပိုပြီးတောင်းလာကြတယ်။ စရံငွေပေးရတယ်။ ပြီးရင်ပွဲစားခ ထပ်တိုးပေးရတာရှိတယ်။ ရေခ၊ မီးခတင်ရတာရှိတယ်။ အိမ်ခ၊ မီးခ၊ ရေခ စုစုပေါင်းဟာ တစ်လကို ခြောက်သိန်းလောက်ပေါက်တယ်။ ဒါတောင် စားစရိတ်မပါသေးဘူး။ ပညာရေး၊ ကျန်းမာရေးမပါသေးဘူး။ ရှာလို့ရတာနဲ့ ထွက်သွားတဲ့ငွေနဲ့ မမျှတတော့ အမျိုးသမီးတွေက ပိုပြီးစိတ်ဆင်းရဲရတယ်။ လွတ်လပ်မှုတွေ ပျောက်ဆုံးလာတယ်။ လူငယ်အမျိုးသမီးတွေဆိုရင် အနာဂတ်တက်လမ်းတွေဟာ ပိုလို့ဆုံးရှုံးသွားတယ်။ ဥပမာဆိုရင် စစ်မှုထမ်းဥပဒေတွေကြောင့် တိမ်းရှောင်နေရတယ်။ ပြည်ပတွေမှာ ပညာသင်ခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့်တွေ ဆုံးရှုံးတာတွေရှိတယ်။ အဲဒီဒဏ်တွေကို မခံနိုင်ကြတော့ ပြည်ပကိုတရားမဝင်လမ်းကြောင်းတွေက ထွက်ခွာတဲ့အချိန်မှာ မသာမာတဲ့သူတွေနဲ့ ဖမ်းဆီးရောင်းစားခံရတာတွေ။ မကောင်းတဲ့နေရာတွေ၊ မရောက်သင့်တဲ့နေရာတွေကို အပို့ခံရတာတွေအများကြီးပါ။ အသက်ဆုံးရှုံးတာတွေ အများကြီးပါ။ လူတိုင်းမဖြစ်ကြပေမယ့် အများအားဖြင့် ဒီလိုကြုံနေကြရတယ်။ သူတို့ရဲ့ဘဝတက်လမ်းဟာ မိသားစုအတွက်ဆုံးရှုံးသွားတာတွေ။ ပြည်ပမှာ အိမ်ပေါ်အလုပ်တွေလုပ်ကြရတယ်။ သူတို့မှာ ပျော်ရွှင်မှုမရှိဘူး။ ဝင်ငွေတစ်ခုရဖို့အတွက် မိသားစုအတွက် ဓားစာခံဖြစ်နေတာတွေရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေလည်း ရေတွက်လို့တောင်မရတော့ဘူး။ အတင်းအဓမ္မစစ်မှုထမ်း ဥပဒေတွေကြောင့် စစ်ရေးမှုထမ်းခံရပြီးတော့ စစ်ရေးကျွမ်းကျင်မှုမရှိဘဲ အသက်ဆုံးရှုံးတာတွေရှိတယ်။ မိန်းကလေး၊ ယောကျ်ားလေးရောပေါ့။ လူငယ်ပိုင်းတွေက ပိုကြုံရတာပေါ့။ စစ်ရေးနိုင်ငံရေး ဆိုးကျိုးတွေကြောင့်ပေါ့။ မတရားသတ်ဖြတ်ခံရတာတွေ၊ မတရားဖမ်းဆီးခံရတာတွေ နေရာတကာမှာရှိတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ သူတို့ပြုကျင့်ခံရတာကို သွားတိုင်ကြားရင်တောင် အမှုမှန်တွေကို သေသေချာချာ လုပ်ကိုင်မယ်ဆိုတာမရှိဘူး။ တချို့နေရာတွေဆို တိုင်ကြားလို့တောင်မရဘူး။ တရားဥပဒေစိုးမိုးမှုမရှိတော့ တရားဥပဒေကို လက်တစ်လုံးခြားပြီး လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာအများကြီးပါ”

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး (ရန်ကုန်မြို့)

“အမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင် အခုက မလုံခြုံတော့ဘူး။ သွားချင်သလိုသွား၊ လာချင်သလိုလာလို့လည်း မရတော့ဘူး။ ဥပဒေစိုးမိုးရေးက မရှိတော့ဘူး။ သွားသတိ၊ လာသတိနဲ့ နေရတယ်။ အခက်အခဲဆိုရင် စားဝတ်နေရေးက အရင်လိုမချောင်တော့ဘူး။ ဆန်တစ်အိတ်ကို နှစ်သိန်းပတ်ဝန်းကျင်ထိ ဖြစ်လာရင် အခြေခံလူတန်းစားတွေအတွက် အဆင်မပြေတော့ဘူး”

ဓာတ်ပုံ - ရခိုင်မှ စစ်ဘေးရှောင်အမျိုးသမီးအချို့အား တွေ့ရစဉ်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.