Preview

စစ်ကောင်စီထိန်းချုပ်ဆဲ မာန်အောင်တွင် အရပ်သားတစ်ဦးကို ဓားပြများက သတ်ဖြတ်သွား

သဉ္ဇာနွယ် | ဇူလိုင် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :3044
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၃/၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် အမျိုးသားတစ်ဦးသည် ဓားပြတိုက်ခံရပြီး အသတ်ခံလိုက်ရသည်ဟု မိသားစုဝင်များက နိရဉ္စရာကို ဆက်သွယ်ပြောကြားသည်။

သတ်ဖြတ်ခံရသူမှာ မာန်အောင်မြို့နယ်၊ င/ပုကုန်းရွာမှ ကိုညီသူငယ်(ခေါ်)ကိုမောင်သိန်းလွင် (၃၂)နှစ်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်၊ ညနေ နေဝင်ချိန်က ကိုညီသူငယ်၏ ညီဝမ်းကွဲဇနီးမောင်နှံတို့သည် ဆေးခန်းပြပြီးနောက် သူတို့နေထိုင်ရာ မာန်အောင်မြို့နယ်၊ ဘဲချောင်းကျေးရွာသို့ ပြန်လာစဉ် လမ်းဘေးရှိ လယ်ကွင်းအနီးတွင် အမည်မသိအမျိုးသားသုံးဦးက သူတို့ဇနီးမောင်နှံအား ဓားပြတိုက်နေသည်ကို ကိုညီသူငယ်က တွေ့ရှိ၍ ဝင်ရောက်တားမြစ်ရာမှ အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အခုသေသွားတဲ့အစ်ကိုက ညီဝမ်းကွဲလင်မယားအစားခံလိုက်တာ။ ညီလင်မယားက ဆေးခန်းကပြန်လာတာ။ နောက်မှာ ဗမာစကားပြောတဲ့ လူသုံးယောက်လိုက်လာတယ်။ လမ်းမှာဓားပြတိုက်၊ ပိုက်ဆံတောင်းတယ်။ အဲဒီအချိန် ကိုညီသူငယ်လည်း ဓားပြတိုက်နေတာကိုမြင်တော့ ဝင်တားလိုက်တာ။ ညီဝမ်းကွဲလင်မယားကို လွှတ်လိုက်ပြီး အဲဒီအစား သူ့ကိုသတ်လိုက်တာ"ဟု ပြောသည်။

blob
ဓာတ်ပုံ - မာန်အောင်မြို့နယ်၊ ဘဲချောင်းကျေးရွာပြမြေပုံအား တွေ့ရစဉ်။

ကိုညီသူငယ်အား ဓားပြများက သတ်ဖြတ်နေစဉ် ညီဝမ်းကွဲဇနီးမောင်နှံတို့သည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ရွာသားများအား ပြောပြ၍ အခင်းဖြစ်ပွားသည့်နေရာသို့ ရွာသားများနှင့်အတူ ပြန်လာရှာကြစဉ် သေဆုံးနေသည့် ကိုညီသူငယ်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

ဓားပြများသည် ကိုညီသူငယ်၏ လည်ပင်းကို လှီးဖြတ်ကာ သတ်ဖြတ်သွားခြင်းဖြစ်ပြီး သူ၏ဦးခေါင်းကို ယနေ့ထိတိုင် ရှာမတွေ့သေးဟု မိသားစုဝင်တစ်ဦးက ပြောသည်။

"ခေါင်းမရှိတော့ဘူး။ အမေ ရင်တွေကွဲနေတယ်။ သားသေတာကိုမြင်တော့" ဟု ပြောသည်။

အဆိုပါအမှုကို စစ်ကောင်စီရဲတပ်ဖွဲ့ထံ တိုင်ကြားထားသော်လည်း ကျူးလွန်သူတို့ကို စုံစမ်းဖော်ထုတ်အရေးယူပေးခြင်းမရှိသေးဟုလည်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းကလည်း မာန်အောင်မြို့နယ်တွင် ဒေသခံအုပ်ချုပ်ရေးမှူးအချို့ သတ်ဖြတ်ခံရသည့်သတင်းထွက်ပေါ်ခဲ့သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့် နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီထိန်းချုပ်ထားဆဲ မာန်အောင်မြို့နယ်တွင် ယခုကဲ့သို့ လူသတ်မှုများ မကြာခဏဖြစ်ပေါ်ပြီး ဒုစရိုက်မှုများဖြစ်နေသော်လည်း စစ်ကောင်စီက တစုံတရားဖြေရှင်းပေးခြင်းမရှိသလို မင်းမဲ့စရိုက်ဆန်နေသည်ဟု ဒေသခံများက ပြောသည်။

မာန်အောင်မြို့နယ်တခုလုံးတွင် ဒေသခံများ စီးပွားရေးကျပ်တည်းနေသည့်အပြင် ဓားပြမှု၊ လုယက်မှုများပါခံနေရသည့်အတွက် အသက်အန္တရာယ်စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအများစု ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသည့် မာန်အောင်တွင် စစ်ကောင်စီက ဒေသခံပြည်သူများအား ငါးဖမ်းထွက်ခွင့် ကန့်သတ်ထားသလို ကုန်ပစ္စည်းများကို စစ်တပ်အသိုင်းအဝိုင်းထံမှတဆင့် ဝယ်စားရသဖြင့် ကုန် ဈေးနှုန်းမြင့်မားမှုဒဏ်ကိုလည်း ဒေသခံများ ခံစားနေရကြောင်း သိရသည်။

ဓာတ်ပုံ - ဓားပြများထံ သတ်ဖြတ်ခံလိုက်ရသည့် ကိုညီသူငယ်အား တွေ့ရစဉ်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.