ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၃/ ၂၀၂၅
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကန့်သတ်ပိတ်ပင်ထားသည့် ပြည်မထုတ် အရက်၊ ဘီယာများကို ရခိုင်ပြည်တွင် ရောင်းချမှု တွင်ကျယ်လာကြောင်း သိရှိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထိုအရက်၊ ဘီယာများရောင်းချခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် ကန့်သတ်ယစ်မျိုးကုန်များကို စီးပွားရေးလုပ်ငန်းရှင်များက မှောင်ခိုဈေးကွက်မှတဆင့် ရောင်းချမှုပြုခဲ့သော်လည်း ယခုကာလတွင် ပေါ်ပေါ်တင်တင် ရောင်းချမှုရှိပြီး သောက်သုံးလာကြသည်များကိုလည်း တွေ့ရှိလာရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မိမိတို့ ပိတ်ပင်လိုက်သည့် ယစ်မျိုးကုန်များအား ပြန်လည်ရောင်းချနေသူများကို အရေးယူတားဆီးမှုများလည်း အားနည်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်လူငယ်တစ်ဦးက "အစောပိုင်းကတော့ ဖမ်းဆီးတာ၊ ဖျက်ဆီးတာတွေရှိခဲ့တယ်။ ဒါပေမဲ့ အဲလိုရောင်းချနေတာတွေကို မသိကြလို့လား။ ဒါမှမဟုတ် မသိဟန်ဆောင်ထားတာလား။ ဘယ်လိုသဘောထားလဲတော့ မသိဘူး။ ဖမ်းဆီးတာတွေတော့ မရှိဘူး။ ဒါကြောင့်လည်း ဗမာပြည်ကထုတ်တဲ့ အရက်တွေကို ပေါ်ပေါ်တင်တင် ရောင်းလာတာကို တွေ့ရပါတယ်"ဟု ပြောသည်။
ထိုအရက်၊ ဘီယာများကို အစိုးရအနေဖြင့် တရားဝင် ပြန်လည်ရောင်းချခြင်း ခွင့်ပြထားမှုမရှိသည့်အတွက် ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု သူက ထောက်ပြသည်။
"ပေါ်ပေါ်တင်တင် ရောင်းချမှုတွေရှိနေတဲ့အတွက် နောက်ကွယ်က အကြောင်းတရားကို ULA တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်မယ်။ ပေါ်ပေါ်တင်တင်ရောင်းချတာက အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်တာဖြစ်တဲ့အတွက် ဒီကိစ္စကို အတိအကျ ဘယ်လိုအရေးယူဆောင်ရွက်မှာလဲ။ ထိန်းချုပ်မှာလဲဆိုတာပေါ့" ဟု ပြောသည်။
ရောင်းချခွင့်ပိတ်ပင်ခံထားရသည့် ပြည်မထုတ်အရက်များ၏ ဈေးကွက်အတွင်း လက်ရှိပေါက်ဈေးများမှာ ဂြမ်းရွှေတစ်လုံးကို မြန်မာကျပ်ငွေ တစ်သိန်းနှစ်သောင်းကျပ်၊ ဂြမ်းပြာတစ်လုံးကို ရှစ်သောင်းကျပ်နှင့် ဂြမ်းစမုတ်တစ်လုံးကို ခုနစ်သောင်းကျပ်ဝန်းကျပ်အထိ ဈေးပေါက်နေသည်ဟု ပြည်သူများက ပြောသည်။
ထို့အပြင် ဘီယာတစ်ဘူးလျှင် ကျပ်တစ်သောင်းခွဲနှင့်အထက်တွင်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ပြည်မထုတ် အရက်၊ ဘီယာများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ရောင်းချခွင့်ကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပိတ်ပင်ခဲ့ပြီးနောက် ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်းကလည်း ရခိုင်တွင် ပြည်မထုတ်အရက်၊ ဘီယာများကို လူအများစု ပေါ်ပေါ်တင်တင် သောက်သုံးခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ရခိုင်ပြည်သူများက ပြောဆိုသည်။
ပြည်မထုတ်အရက်၊ ဘီယာများအား ရခိုင်ပြည်မှ လူကုန်ထံအချို့သာ သောက်သုံးနိုင်ကြပြီး အခြေခံလူတန်းစားများမှာ ပြည်တွင်းထုတ် ဆန်အရက်နှင့် အုန်းရည်အရက်ကိုသာ သောက်သုံးမှုများသည်ဟု ပြည်သူများက ဆိုသည်။
ရခိုင်တွင် ပြည်မထုတ် ယစ်မျိုးကုန်များအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပိတ်ပင်တားဆီးလိုက်ပြီးနောက် ပြည်တွင်းထုတ် ဆန်အရက်နှင့် အုန်းရည်အရက်များအား ရောင်းချမှု မြင့်မားလာခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း တားမြစ်အရက် အရက်ပုလင်း ၁၇၉ လုံး သယ်ဆောင်လာသူတစ်ဦးကို ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။