သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၅
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်လွတ်မြောက်နယ်များရှိ မျိုးစပါးလိုအပ်နေသည့်လယ်သမားများကို AA က မျိုးစပါးများ အခမဲ့ ဖြန့်ဝေပေးနေသည်ဟု သတင်းရရှိသည်။
အဆိုပါမျိုးစပါးများကို AA က စစ်ဒေသအလိုက် မြို့နယ်စုံကို ပေးဝေးသွားမည်ဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၃ ရက်တွင် မင်းပြားမြို့နယ်မှစ၍ ပေးဝေနေပြီဟု မင်းပြားစစ်ဒေသမှ ULA/AA နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မင်းပြားက စစ်ဘေးဒဏ်ခံခဲ့ရတဲ့လယ်သမားတွေ၊ တိုက်ပွဲကြောင့် စပါးပျက်စီးမျိုးစေ့မရတဲ့လယ်သမားတွေ ရွာပေါင်း ၁၄ ရွာက လယ်သမားတွေကို အခမ်းအနားပြုလုပ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစေ့ တွေပေးဝေခဲ့ပါတယ်" ဟု ပြောသည်။
မင်းပြားမြို့နယ်အတွင်း မျိုးစပါးများပေးဝေရာတွင် မျိုးကောင်းမျိုးသန့်များဖြစ်သည့် “ရွှေသွယ်ရင်”နှင့် “မှော်ဘီ-၃” စပါးအမျိုးအစား မျိုးစပါးများကို ပေးဝေးခဲ့ခြင်းဖြစ်ပြီး တစ်ဧကကို သုံးတောင်းနှုန်းဖြင့် ဧက (၇၀၀)ခန့်အထိပေးဝေးနိုင်ခဲ့ကြောင်း သူက ပြောသည်။
ယခုကဲ့သို့ လယ်သမားများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စပါးမျိုးစေ့များပေးဝေပေးသည့်အတွက် အလွန်ဝမ်းမြောက်သည်ဟု အခမ်းအနားသို့သွားရောက်ခဲ့သည့် မင်းပြားဒေသခံလယ်သမားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မင်းပြားမှာတိုက်ပွဲဖြစ်တုန်းက လယ်တွေသေချာ မလုပ်နိုင်ခဲ့ဘူး။ ဗုံးကျလို့ပျက်စီးတာက ပျက်စီး။ စစ်ရှောင်နေရတော့ စပါးတွေမရိတ်သိမ်းနိုင်။ ပြန်လာတော့ အမှည့်လွန်။ မျိုးစပါးအဖြစ် မလုပ်နိုင်ခဲ့ဘူး။ မျိုးစပါးဆိုတာက နေလှန်းရတယ်။ သေချာဂရုစိုက်ရတယ်။ အခုပေးတာ မျိုးကောင်းမျိုးသန့် အထွက်နှုန်းမြန်တော့ ဦးလေးတို့လယ်သမားတွေ တကယ်ပဲ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်တယ်" ဟု ပြောသည်။
ယင်းအပြင် နောက်ထပ် စစ်ဒေသအလိုက် မျိုးစပါးများလိုအပ်နေသည့်မြို့နယ်များကိုလည်း ဆက်လက်ပေးဝေသွားမည်ဟု ULA/AA နှင့်နီးစပ်သူများက ပြောသည်။
ရခိုင်မှ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းများအားလုပ်ကိုင်ရာတွင် စက်သုံးဆီ၊ ထွန်ယက်စရိတ်၊ ဓာတ်မြေသြဇာဈေးနှင့် အခြား သွင်းအားစုဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသည့်အတွက် အလွန်တရာ အခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။
ယင်းအပြင် စပါးပေါ်ပြီး ရိတ်သိမ်းချိန်တန်လာပါက စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်း၊ စပါးရိတ်စက်ဖြင့် ရိတ်သိမ်းခ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ငွေကြေးမတတ်နိုင်သူများတွင် ယခင် မိရိုးဖလာနည်းအတိုင်း လက်ဖြင့်သာ ရိတ်သိမ်းနေကြကြောင်း သိရသည်။
လယ်သမားများ လယ်ယာလုပ်ငန်းကို အဆင်ပြေပြေဖြင့် ပုံမှန်အတိုင်းလုပ်ငန်းနိုင်ရန် ဒေသအာဏာပိုင်များအနေဖြင့် သွင်းအားစုဈေးနှုန်းများကို လျှော့ချပေးရန်လိုအပ်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်းပြောဆိုထားသည်။
ရခိုင်ပြည်တွင် လယ်ဧကပေါင်း ၁၂ သိန်းဝန်းကျင်ရှိသော်လည်း ဧက ၁၀ သိန်းဝန်းကျင်ကိုသာ မိုးစပါးစိုက်ပျိုးနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။
သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများကြောင့် မိုးစပါးစိုက်ပျိုးဧက လျော့ကျလာကာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဧက ခုနစ်သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။