သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၄/၂ဝ၂၅
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နှင့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တို့ကို စစ်ကောင်စီလေတပ်က ယနေ့တွင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။
အမ်းမြို့၊ ပျဉ်းတောရပ်ကွက်ရှိ မူလတန်း(လွန်)စာသင်ကျောင်းကို ယနေ့ ဇူလိုင်လ ၄ ရက်၊ မွန်းတည့်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ကြဲချခဲ့မှုကြောင့် အဆိုပါစာသင်ကျောင်းဆောင်မှာ လုံးဝ ပြိုထွက်သွားခဲ့ပြီး အနီးရှိ လူနေအိမ်အချို့လည်း ပြိုပျက်သွားခဲ့သည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မြို့ဧရိယာမှာပါတဲ့ ဆူးပုတ်ကုန်း ပျဉ်းတောရပ်ကွက်မှာ ကျတယ်။ မူလွန်ကျောင်းမှာ ကျတာ။ ကျောင်းဆောင်ပြိုသွားတယ်။ အိမ်သုံးလေးဆောင်ပျက်စီးတယ်"ဟု ပြောသည်။
အမ်းမြို့ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားသော်လည်း မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများရှိနေနိုင်သည့်အတွက် ဒေသခံများဝင်ရောက်နေထိုင်ခွင့်ကို AA က တားမြစ်ထားသည်ဟု သိရသည်။
ယင်းကြောင့် ယခု စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။
အလားတူ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကိုလည်း စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ယနေ့နေ့လယ်တွင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။
ကမ်းထောင်းကြီးဗုံးကြဲမှုဖြစ်စဉ်အသေးစိတ်ကို နိရဉ္စရာက ဆက်လက်စုံစမ်းနေသည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ဗုံးကြဲမှုကြောင့် အမ်းမြို့ရှိ စာသင်ကျောင်း ပျက်စီးသွားပုံ။ (Photo - APM)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။