Preview

မောင်တောနယ်စပ်တွင် AA စခန်း တိုက်ခိုက်ခံရခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဟု AA ပြောခွင့်ရသူဆို

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :7540
ရခိုင် သတင်း

(ARSA က ထုတ်လွှင့်သည့် ရုပ်သံဖိုင်မှာ လုပ်ကြံဖန်တီးဝါဒဖြန့်ခြင်းသာဖြစ်)

နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၅

မောင်တောမြောက်ပိုင်း နယ်စပ်တစ်လျှောက်တွင် အာရက္ခတပ်တော် (AA) စခန်းအား ARSAက တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာ မရှိကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

ရခိုင်-ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းအစွန်ဆုံး ဗန္ဓုလကျေးရွာအနီးရှိ အာရက္ခတပ်တော် (AA) ၏ တပ်စခန်းတခုကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်းထွက်ပေါ်လာသည့် သတင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးခိုင်သုခက ထိုသို့ တုံ့ပြန် ပြောဆိုသွားခြင်းဖြစ်သည်။

“ ဒီဟာတွေက အကုန်လုံးသတင်းအမှားတွေပါဘဲ။ ဒီကောင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ သူတို့ဟာ သူတို့ တိုက်ပွဲအတုတွေ ဖန်တီးပြီး အေအေက ကျတဲ့ပုံစံမျိုးနဲ့ ဝါဒဖြန့် ဖို့အတွက် ဗီဒီယိုရိုက်ပြီးတင်နေတာ။ သေတဲ့လူလို့ သရုပ်ဆောင်ပြထားတာလည်း သူတို့လူ၊ သေနတ်လည်း သူတို့သေနတ်၊ ဒါဟာ သတင်းအမှန်မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး” ဟု ပြောကြားသည်။

လက်ရှိ မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်က အင်အားဖြည့်တင်းထားပြီး အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်ဟု ပြောသည်။

“ ကျွန်တော်တို့ စခန်း ဒီလို တိုက်ခိုက်ခံရပြီး အသေအပျောက်ရှိရင် ကျနော်တို့ ဒီလို ဘယ်ငြိမ်ခံနေမလဲ။ ကျနော်တို့ဘက်ကလည်း လက်တုံ့ပြန်မှာက ပြိုသံကြားမှာပေါ့” ဟု ဆက်လက်ပြောဆိုသည်။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်မြေထဲတွင် လှုပ်ရှားနေပြီး မောင်တောမြို့နယ် မြောက်ပိုင်းသို့ ရံဖန်ရံခါ ဝင်ရောက်ကာ AA တပ်ဖွဲ့ဝင်များအား ခြုံခိုတိုက်ခိုက်သလို အရပ်သားများကိုလည်း ပြန်ပေးဆွဲသတ်ဖြတ်မှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

၎င်းပြင် အာရက္ခတပ်တော် ( AA)နှင့် တိုက်ပွဲဖြစ်သည့် ပုံစံမျိုး ရိုက်ကူးထားသည့် ရုပ်သံဖိုင်အတု အများအပြားကိုလည်း အွင်လိုင်းပေါ်တွင် ထုတ်လွှင့်လျက်ရှိသည်ဟု သိရသည်။

အမည်မဖော်လိုသည့် မောင်တောဒေသခံ လူကြီးတစ်ဦးက မောင်တောမြို့နယ်မြောက်ပိုင်းတွင် အကြမ်းဖက် လက်နက်ကိုင်းများ၏ အန္တရာယ်ရှိနေပြီး အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များအနေဖြင့် တစိမ်းလူများကို အယုံမလွယ်ရန်နှင့် အမြဲတန်း အဆင့်သင့် သတိရှိရန်လိုအပ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ သတိထားရမှာက မောင်တောကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ်ကို အာဆာက ဘယ်လိုသိမ်းသွားသလဲ။ တစိမ်းလူတွေအပေါ်မှာ အတိုင်းအထက် အလွန်ယုံကြည်လို့ မရဘူး။ သာမာန် အရပ်သားတွေကို တပ်စခန်းရဲ့ အထဲဝင် ပြင်ထွက်လုပ်လို့မရဘူး။ ပီးရင် အရက်သေစာ အလွန်အကျွံ သောက်စားတာတွေကြောင့် နစကခေတ်တုန်းက စခန်းတွေ ဘယ်နှစ်ခု အတိုက်ခံရပြီး ကျဆုံးခဲ့ရတာတွေရှိသလဲ။ ဒါတွေကို သင်ခန်းစာယူဖို့လိုပါတယ်။ စစ်ရေးသတိ မပေါ့လျော့ဖို့ သတိပေးလိုပါတယ်” ဟု ပြောကြားသည်။

လက်ရှိ မောင်တောမြို့နယ် တောင်ပိုင်းတွင် အတိုင်းအတာတစ်ခုထိ တည်ငြိမ်မှု ရရှိနေပြီ ဖြစ်သော်လည်း မောင်တောမြောက်ပိုင်းတွင် လုံခြုံရေးတင်းကျပ်ထားရသည်ဟု သိရသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ARSA၊ RSO စသည့် အဖွဲ့များသည် အာရက္ခတပ်တော်အား တိုက်ခိုက်ရန် လူသစ်များစုဆောင်းပြီး စစ်ရေးသင်တန်းများပေးနေကြောင်း၊ အဆိုပါ ဘင်္ဂလာမြေပေါ်တွင် ထိုသို့ လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ဘင်္ဂလားဒေ့ရှ် ဒေသ အာဏာပိုင်များက တစ်စုံတစ်ရာ တားမြစ်ခြင်းများမရှိကြောင်း  သတင်းများ ထွက်ပေါ်နေသည်။  

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.