နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၅
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူစစ်မြေပြင်သို့ စစ်ကောင်စီက စစ်အင်အားရာနှင့်ချီ ထပ်မံဖြည့်တင်းကာအာရက္ခတပ်တော်အား တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
အဆိုပါစစ်အင်အားများကို ယခုဇူလိုင်လအစပိုင်းတွင် မာန်အောင်မြို့နယ်မှတဆင့် နေဗီများဖြင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်သို့ ထပ်မံဖြည့်တင်းထားခြင်းဖြစ်သည်ဟု မာန်အောင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အရင်ဆုံးဓညဝတီရေတပ်ကိုပို့တယ်။ ပြီးမှ သူတို့ စခန်း၊ ကာကင်းရှိတဲ့နေရာတွေ။ မြို့ထဲမှာရော၊ တိုက်ပွဲနေရာတွေကို ပို့တယ်။ လူအတင်အချကတော့ လူမမြင်တဲ့အချိန် ညဖက်တွေမှာလုပ်တယ်။ အနည်းဆုံး အင်အား ၄၀၀၊ ၅၀၀ လောက်ရှိတယ်"ဟု ပြောသည်။
အဆိုပါစစ်အင်အားများကို ကျောက်ဖြူသို့ မပို့မီ မာန်အောင်မြို့နယ်ရှိ မျှော်တော်ဦးရေတပ်နှင့် မြို့ပေါ်သို့ ပြည်မဖက်မှ ရဟတ်ယာဉ်၊ နေဗီ၊ မာန်အောင်သို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေသည့် ခရိုနီပိုင် ကုန်သင်္ဘောကြီးများဖြင့် ကနဦးပို့ဆောင်ဖြည့်တင်းပြီး ယင်းမှတဆင့် နေဗီများချိန်းခြင်းဖြင့် ကျောက်ဖြူသို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ စစ်အင်အားများကို လက်ရှိ ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲစစ်မျက်နှာပြင်ဖြစ်သည့် ဂုံးချွိန်တိုက်နယ်မှ အမှတ်(၃၂)ရဲတပ်ရင်း၊ မလကျွန်းနှင့် သစ်ပုတ်တောင်တိုက်နယ်မှ ကပ်သပြေ စသည့် စစ်မြေပြင်နေရာများတွင် ထပ်မံအင်အားဖြည့်ကာ ယခင်ကထက် စစ်မျက်နှာပြင်တိုးချဲ့ထားသည်ဟု ကျောက်ဖြူမြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"သူတို့အရင်ကနေရာတွေမှာ အင်အားထပ်တိုးချတယ်။ ပြီးတော့ နေရာပိုယူပြီး စစ်မျက်နှာပြင်တွေတိုးချဲ့ထားတယ်။ အဲဒီနေရာက စစ်ကြောင်းတွေထိုးတယ်။ ဒရုန်းတွေပစ်တယ်။ မြို့ထဲမှာလည်း နေရာအနှံ့ဖြန့်ကြက်ထားတယ်" ဟု ပြောသည်။
နှစ်ဘက်အပစ်အခတ်ရပ်စဲထားခဲ့သည့်ကာလသည် ပြီးခဲ့သည့် ဇွန်လ ၃ဝ ရက်တွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည့်အတွက် တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲများပြင်းထန်စွာဖြစ်လာခဲ့သည့်အတွက် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်လျက်ရှိရာ မြို့နယ်တစ်ခုလုံးတွင် ပြီးခဲ့သည့်ဇွန်လအထိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ နှစ်သောင်းနှစ်ထောင်ကျော်အထိရှိလာနေကြောင်း သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။