Preview

ရန်ကုန်တွင် ရခိုင်မှ လူရည်ချွန်နှစ်ထပ်ကွမ်း Grade (12) ကျောင်းသူတစ်ဦး နှစ်လကျော်ကြာ ပျောက်ဆုံးနေ

စောရှင်မေ | ဇူလိုင် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :8677
ရခိုင် သတင်း

(ထိုကျောင်းသူကိုတွေ့ရှိသူအား ကျပ်ငွေသိန်း ၂၀၀ ချီးမြှင့်မည်ဟု မိခင်ဖြစ်သူ ကြေညာ)

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၅

ရန်ကုန်တွင် ရခိုင်မှ လူရည်ချွန်နှစ်ထပ်ကွမ်းရရှိထားသူ Grade (12) ကျောင်းသူတစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း မိသားစုဝင်များတွင် ယနေ့ထိတိုင် သတင်းအစအနမရရှိသေးကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ဦးကျော်ရင်နှင့် ဒေါ်စမ်းစမ်းအေးတို့၏သမီး အသက် ၁၇ နှစ်အရွယ် မဆုရတနာအောင်ဖြစ်သည်။

မဆုရတနာအောင်သည် သူမ ကျောင်းနေသည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မိုးသောက်ပန်းဘော်ဒါဆောင်မှ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၇ နာရီခွဲခန့်တွင် မုန့်ထွက်ဝယ်ရင်း ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သူမတွင် ဖုန်းယူဆောင်မသွားသည့်အတွက် ယခုတိုင် အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မဆုရတနာအောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ပေးသူ၊ ထိန်းသိမ်းထားသူနှင့် တွေ့ရှိသည့်သူများ မည်သူ့ကိုမဆို ကျပ်ငွေသိန်း ၂၀၀ ကို ပေးအပ်သွားမည်ဟုလည်း မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ ဇူလိုင်လ ၄ ရက်က ရေးသားထားသည်။

“ကျွန်မအသဲနှလုံး အရှင်လတ်လတ် ဆွဲထုတ်ခံထားရတဲ့မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့ သမီးငယ်လေးဆုရတနာအောင်ကိုရှာနေမှာပါ။ ဘယ်အရာနဲ့မှမလဲနိုင်တဲ့ အဖိုးတန်သမီးလေးမို့ပါ။ အမေများနေ့ရောက်တိုင်း အမေကန်တော့ပြီး အခုတော့ ဘယ်တွေများရောက်နေပြီလဲ။ သမီးငယ်လေးရယ် မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလားသမီးငယ်လေးရယ်”ဟုလည်း ရေးသားထားသည်။

blob
(Photo - ဒေါ်စမ်းစမ်းအေး၏ လူမှုကွန်ရက်)

မဆုရတနာအောင် ပျောက်ဆုံးနေသည့်ကိစ္စနှင့်ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက မိသားစုနှင့်လည်း ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

သူမပျောက်ဆုံးနေမှုကို မိသားစုဝင်များက သက်ဆိုင်သည့် ရဲစခန်းများထံတိုင်ကြားထားသလို သတင်းစာများတွင်လည်း လူပျောက်ကြော်ငြာထည့်သွင်းထားသည်ဟုလည်း သိရသည်။

မဆုရတနာအောင်သည် Grade(11) စာမေးပွဲဖြေပြီးချင်း ကျောက်ဖြူမြို့တွင် နိုင်ငံရေးအခြေအနေမကောင်း၍ Grade(12) ပညာဆက်လက်သင်ကြားနိုင်ရန် ရန်ကုန်မြို့ရှိ မိုးသောက်ပန်းဘော်ဒါဆောင်တွင် ပြောင်းရွှေ့ ပညာသင်ကြားနေသူဖြစ်သည်။

သူမတွင် မွေးချင်းမောင်နှမနှစ်ဦးရှိပြီး ယင်းအနက် သူမသည် အငယ်ဆုံးသမီးဖြစ်ကြောင်း သိရသည်။

မဆုရတနာအောင်နှင့် ပတ်သက်သည့်သတင်းအချက်အလက်များပေးပို့လိုပါက ဖုန်း - ၀၉-၂၅၃၃၂၈၇၇၅၊ ၀၉-၂၅၄၄၀၁၄၁၉) တို့အား ဆက်သွယ်နိုင်သည်။

ဓာတ်ပုံ - ပျောက်ဆုံးနေသည့် လူရည်ချွန်နှစ်ထပ်ကွမ်းရရှိသူ Grade (12) ကျောင်းသူ မဆုရတနာအောင်။ (Photo - ဒေါ်စမ်းစမ်းအေး၏ လူမှုကွန်ရက်)

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.