လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၅ /၂၀၂၅
ရခိုင်ပြည်တိုက်ပွဲပြင်းထန်နေသော်လည်း အာရက္ခတပ်တော်(AA)နှင့်အတူရပ်တည်ပေးသည့်ပြည်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အင်မတန် လေးစားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး လွေးယေဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ကပြုလုပ်သည့် TNLA ၏ စစ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အွင်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ရခိုင်စစ်ပွဲများနှင့်ပတ်သက်ပြီး နိရဉ္စရာသတင်းဌာန၏ မေးမြန်းမှုကို သူမက ထိုသို့ တုံ့ပြန်ပြောသွားခဲ့ခြင်းဖြစ်သည်။
လွေးယေဦးက “ရခိုင်ဒေသမှာဆို တိုက်ပွဲက ပြင်းထန်နေပါတယ်။ အာရက္ခတပ်တော်နဲ့ ရပ်တည်ပေးတဲ့ပြည်သူတွေကို ကျွန်မတို့က အင်မတန်လေးစား ဂုဏ်ယူရပါတယ်။ အေအေအုပ်ချုပ်ရာဒေသမှာ စစ်အုပ်ချုပ်ရေးကင်းစင်သွားပြီဆိုတော့ ကိုယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ စီမံ ဆောင်ရွက်နိုင်တယ်။ နောက်တစ်ခုကတော့ ပြည်သူလူထုကလည်း အာဏာရှင်အုပ်ချုပ်မှုကနေတဆင့် ကင်းဝေးသွားပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေး ပထမခြေလှမ်းလို့ပြောလို့ရပါတယ်”ဟု ပြောသည်။
AA ထိန်းချုပ်ရာနေရာများတွင် စစ်ကောင်စီကင်းစင်သွားပြီဖြစ်ကာ ကိုယ်ဒေသ ကိုယ် အုပ်ချုပ်နေ နိုင်ပြီဖြစ်သောကြောင့် TNLA က ဂုဏ်ယူမိကြောင်းလည်း လွေးယေဦးက ပြောသည်။
“TNLA နဲ့ အေအေသည် မဟာမိတ်တွေဖြစ်ကြပါတယ်။ မဟာမိတ်အနေနဲ့ အေအေသည်လည်း စစ်ကောင်စီလက်အောက်က မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့တယ်။ ဒါဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။ အေအေထိန်းချုပ်တဲ့နေရာတွေမှာ စကစ ကင်းစင်သွားပြီ။ စကစ မရှိတဲ့အတွက် အာဏာရှင်စနစ်လက်ကလွတ်မြောက်သွားပြီ။ သူတို့ဒေသမှာသူတို့ အုပ်ချုပ်နိုင်တဲ့အနေအထားကြောင့် ကျွန်မတို့ ဂုဏ်ယူရတဲ့အနေအထားဖြစ်ပါတယ်”ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ ငလျင်အပစ်အခတ်ရပ်စဲရေးသည် ဖိအားတစ်ခုကြောင့်သာ ကြေညာခြင်းဖြစ်ပြီး မြေပြင်တွင်ထိုးစစ်ဆင်နေကြောင်းလည်း သူမက ဆက်ပြောသည်။
“ အပစ်အခတ်ရပ်စဲထားပေမယ့် စစ်ကောင်စီဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့မြင်တယ်။ တစ်နိုင်ငံလုံးမှာ ငလျင်ဘေးရော၊ စစ်ရေးတင်းမာနေတဲ့အချိန်မှာ အရပ်သားတွေကိုပဲ လေကြောင်းကရော တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ ဒါဟာ စစ်ကောင်စီကျူး လွန်နေတဲ့ရာဇဝတ်မှုပါ။ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဖိအားတစ်ခုကြောင့်သာ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာတာ။ တကယ့်မြေပြင်မှာ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ အဖက်ဖက်က ထိုးစစ်ဆင်တာမျိုးပြုလုပ်နေပါတယ်” ဟု ပြောသည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများရပ်စဲရန်အတွက် တရုတ်က စစ်ကောင်စီနှင့် တအောင်းတပ်- TNLA ကို သီးခြားစီတွေ့ဆုံ စကားပြောခဲ့ကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် လွေးယေဦးက ပြောဆိုခဲ့သည်။
AA သည် ရခိုင်ပြည်မှ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ အမ်းနှင့် ဂွစသည့် မြို့နယ် (၁၄) ခုကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် မြို့ ၃ မြို့အနက်မှ ကျောက်ဖြူကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ထို့အပြင် ပလက်ဝဒေသတစ်ခုလုံးကိုလည်း AA က သိမ်းပိုက် ထိန်းချုပ်ထားသည်။
AA သည် ရခိုင်အပြင် နယ်မြေချင်း ထိစပ်နေသော ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်၊ ကျောင်းသားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်ဟု သိရသည်။
ဓာတ်ပုံ - AA Info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။