Preview

ရန်ကုန်တွင်အသက်၂၀ကျော်အရွယ်ရခိုင်လူငယ်တစ်ဦး အလုပ်ရှာနေရာမှ ပျောက်ဆုံးနေ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :4393
ရခိုင် သတင်း

နိရဉ္စရာ၊ဇူလိုင်၅/၂၀၂၅

ရန်ကုန်တွင်ရခိုင်လူငယ်တစ်ဦးအလုပ်ရှာသွားရာမှအဆက်အသွယ်မရပျောက်ဆုံးနေသည်မှာနှစ်ပတ်ကျော်ခန့်ရှိလာသဖြင့်မိသားစုများအလွန်စိုးရိမ်နေကြောင်းအစ်မဖြစ်သူကနိရဉ္စရာသတင်းဌာနသို့ပြောဆိုသည်။

ပျောက်ဆုံးနေသည့်လူငယ်မှာရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ကံချောင်းရွာမှခိုင်ကျော်လင်း (၂၅) နှစ် (ဘ) ဦးဘစံဖြစ်သည်။

“ သူကဇွန်လ၁၆ရက်နေ့ကအလုပ်ရှာဖို့ထွက်သွားတာပါ။ရွှေပြည်သာကစက်ရုံတွေကအလုပ်ရှာဖို့ထွက်သွားတာအဲဒီနေ့ကတည်းကအဆက်အသွယ်မရလိုက်တော့ပါဘူး။အခုအချိန်ထိသူနဲ့အဆက်အသွယ်မရတော့မိသားစုတွေအရမ်းစိုးရိမ်နေပါတယ်။မန္တလေးကိုပို့လိုက်ပြီလို့လည်းကြားရပါတယ်။စစ်မှုထမ်းဖို့လား။ပေါ်တာခေါ်သွားတာလားတိတိကျကျ  မသိရပါဘူး။လိုက်စုံစမ်းတော့အဲသလိုကြားရတာ” ဟုသူရဲ့အစ်မဖြစ်သူကပြောသည်။

ကိုခိုင်ကျော်လင်းသည်ရခိုင်မှရန်ကုန်သို့ပြောင်းရွှေ့ကာ ရန်ကုန်၊ တာမွေမြို့နယ်တွင်ပန်းထိမ် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သော်လည်းအလုပ်အဆင်မပြေဖြစ်ရာမှရွှေပြည်သာမြို့နယ်၊အလယ်ရွာသို့ပြောင်းရွှေ့ကာစက်ရုံတွင်အလုပ်ရှာနေစဉ် ဇွန်လ၁၆ရက်နေ့ ညနေ၅နာရီမှစပြီး အဆက်အသွယ်မရလိုက်တော့ဟု ဆိုသည်။

“ရန်ကုန်မှာလူမသိသူမသိပျောက်နေတဲ့ရခိုင်လူငယ်တွေအများကြီးရှိပါတယ်။ပျောက်တဲ့အထဲရခိုင်လူငယ်တွေတစ်ခုတည်းတော့မဟုတ်ဘူး။ဗမာလူငယ်တွေလည်းပါပါတယ်။အခုကျွန်မရဲ့မောင်ကိုလိုက်ရှာနေကြပေမယ့်အခုထိမတွေ့သေးဘူး။ရဲစခန်းသွားတိုင်လည်းဘာမှအရေးယူဆောင်ရွက်တာမျိုးမရှိပါဘူး” ဟုပြောဆိုသည်။

စစ်ကောင်စီ တာဝန်ရှိသူများအနေဖြင့် ကိုခိုင်ကျော်လင်းအား စစ်မှုထမ်းရန်ဖြစ်စေ (သို့မဟုတ်) ပေါ်တာဆွဲသွားသည်ဖြစ်စေမိသားစုများကိုအသိတစ်စုံတစ်ရာပေးသင့်သည်ဟုသူမကပြောဆိုသည်။

ကိုခိုင်ကျော်လင်းတွင်လွန်ခဲ့သည့်နှစ်အနည်းငယ်ကလက်ထပ်ခဲ့သည့်အသက်၂၂အရွယ်ဇနီးရှိပြီးသူမအနေဖြင့်လည်း အထူးစိုးရိမ်နေသည်ဟုဆိုသည်။

အလားတူလွန်ခဲ့သည့် ၃လခန့်ကလည်း ရန်ကုန်မြို့တွင်အလုပ်လုပ်နေသူ ပုဏ္ဏားကျွန်းမြို့နယ်၊ရဟတ်တောင်ကျေးရွာမှအသက်၂၈နှစ်အရွယ်အမျိုးသမီးတစ်ဦးလည်းပျောက်ဆုံးနေပြီးလက်ရှိအချိန်ထိသတင်းအစအန မကြားရသဖြင့်မိသားစုများအထူးစိုးရိမ်နေကြသည်ဟုသိရသည်။

စစ်ကောင်စီသည်ရန်ကုန်အပါအဝင်တစ်ခြားမြို့ကြီးများမှစစ်ဘေးရှောင်နေကြသည့်ရခိုင်လူငယ်များ၊အလုပ်နေကြသည့်ရခိုင်လူငယ်များနှင့်ရခိုင်ကနေရန်ကုန်ကိုသွားကြသည့်လူငယ်များ၊ဗမာပြည်ကနေမွေးရပ်မြေရခိုင်သို့ပြန်သွားသူလူငယ်များကိုဖမ်းဆီးပြီးအတင်းအဓမ္မစစ်မှုထမ်းရန်ဆွဲခေါ်နေရာလက်ရှိတွင်ရခိုင်လူပေါင်းထောင်နှင့်ချီရှိသွားပြီဟုလူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးကနိရဉ္စရာကိုပြောဆိုသည်။  

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.