သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၅
ရခိုင် ရိုးပေါ် အမ်း-ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ဖြစ်သော နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။
အဆိုပါတိုက်ပွဲသည် ယမန်နေ့ ဇူလိုင် ၆ ရက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမ်းမြေပြင် ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်ကို အင်အားထပ်ဖြည့်နေတာ။ အဲဒီစစ်ကြောင်းတွေကို AA နဲ့ပူးပေါင်းတပ်တွေက ခြုံခိုတိုက်တာ။ တချို့တပ်ဖွဲ့ဝင်တွေကတော့ စခန်းကိုရောက်သွားတယ်။ တချို့ကတော့ လမ်းမှာတိုက်ခိုက်ခံရလို့ သေဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးတာတွေရှိခဲ့တယ်။ တိုက်ပွဲကတော့ အဲလောက်မပြင်းခဲ့ဘူး" ဟု ပြောသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်အား မကျစေရန်နှင့် AA သိမ်းပိုက်ထားသည့် MPT တာဝါတိုင်ကုန်းအား ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီက ပဒါန်း၊ ဆုံကုန်း အမြောက်တပ်နှင့် ကပစ-၁၄ တွင် အင်အားထောင်နှင့်ချီဖြည့်ထားကာ ယင်းမှတဆင့် ရိုးပေါ်သို့ အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းပတ်ဝန်းကျင်နှင့် အနီးအနားရှိ AA သိမ်းထားသည့် MPT တာဝါတိုင်စခန်းဖက်သို့လည်း ပဒါန်းရှိ ဆုံကုန်းအမြောက်တပ်ဖြစ်သည့် စစ်မြေပြင်ကွပ်ကွဲမှုဌာနချုပ်(မစခ-၉၀၅) နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၁၄)တို့မှ လက်နက်ကြီးကျည်များဖြင့် ယမန်နေ့မှစတင်ကာ ယနေ့ ဇူလိုင် ၇ ရက်နေ့ထိ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ပဒါန်းအမြောက်ကြီးတပ်က မနေ့က ညဖက်လည်း ပစ်တယ်။ ဒီနေ့မနက်လည်း တောက်လျှောက်ပစ်တယ်။ ကပစ-၁၄ ကလည်း ပစ်နေတယ်။ ညတောင် အိပ်မရဘူး။ အသံတွေ တော်တော်ကျယ်တယ်" ဟု ပြောသည်။
AA သိမ်းပိုက်ထားသည့် နတ်ရေကန်တောကြောရှိ လေကြောင်းရန်ကာကွယ်ရေးတပ်နှင့်အနီးဆုံးဖြစ်သည့် MPT တာဝါတိုင်စခန်းကိုလည်း စစ်ကောင်စီဖက်က ပြန်လည်ထိုးစစ်ဆင်ပြီး အရယူရန် ကြိုးစားနေကြောင်း သိရသည်။
MPT တာဝါတိုင်စခန်းကုန်းကို ယခုဇူလိုင်လ ပထမအပတ်မှစ၍ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
အမ်းအပိုင်တွင်ရှိသည့် MPT တာဝါတိုင်စခန်းကုန်းကို AA က ဇွန်လ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း မြေပြင်သတင်းအရ သိရသည်။
အမ်းရိုးတလျှောက် တောကြောတို့တွင် ဇူလိုင်ပထမအပတ်မှစ၍ AA နှင့်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ရံဖန်ရံခါရှိနေပြီး စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးကျည်များဖြင့် အဓိကထားတိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ - အမ်း ရိုးပေါ်တစ်နေရာ (Photo – Somo Sali )
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။