သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၅
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့်မြေပုံမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေ၍ ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။
အမ်းမြို့နယ်ရှိ အမ်းချောင်းနှင့် ဒါးလက်ချောင်းဖက်မှ ဒေသခံများမှာ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ဝမ်းပျက်၊ ဝမ်းလျှောနှင့် ဖျားနာခြင်းများဖြစ်နေကြသည်ဟု အမ်းစစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မိုးများရင် ရေပြည့်တဲ့ဒဏ်ကိုလည်း ခံစားရတယ်။ ပြီးတော့ အခုက အသီးအနှံတွေမှည့်တဲ့အချိန်။ ပိန္နဲသီးတို့၊ သရက်သီးတို့ စားမိလို့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ ကလေးတွေအဖြစ်များနေကြတယ်။ နှစ်စဉ်ဖြစ်တယ်။ အဓိက ရောဂါဖြစ်ရင် ကုသဖို့ဆေးရှားတာပါ"ဟု ပြောသည်။
ယင်းအပြင် မြေပုံမြို့နယ်ရှိ ယောချောင်း၊ တုတ်ချောင်းနှင့် တောင်စိုင်ကမ်းစသည့် ကျေးရွာများမှ ဒေသခံများမှာ လည်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွား၍ ကုသစရာဆေးဝါးရှားပါးနေသည်ဟု မြေပုံမြို့နယ်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရခိုင်မှာက အလွယ်တကူကုလို့ရတဲ့ ရောဂါတွေကိုတောင် သောက်စရာ၊ ကုစရာ ဆေးတွေမရှိသလောက်ပဲ။ ရှိပြန်ရင်လည်း ဈေးက ခေါင်ခိုက်နေတယ်။ အဓိက ဥယျာဉ်ခြံပေါတဲ့နေရာတွေမှာဖြစ်နေကြတာ။ အသီးပေါ်ရင် စားကြတယ်လေ" ဟုပြောသည်။
ရခိုင်မှ မြို့နယ်အနှံ့အပြားတွင် မိုးဦးရာသီရောက်လျှင် နှစ်စဉ်နှစ်တိုင်း ငှက်ဖျား၊ ရာသီတုပ်ကွေးအပြင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားမှုရှိကြောင်း သိရသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၃)ရက်မှစ၍ စစ်ကောင်စီဖက်မှ ရခိုင်နှင့် ပြည်မလမ်း အဝင်/အထွက်များပိတ်လိုက်သည့်အတွက် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများလည်း တင်သွင်းခွင့်မရတော့ဘဲ ရှားပါးပြတ်တောက်လျက်ရှိသည်။
ဆေးဝါးကို ပုံမှန်မှီဝဲသောက်သုံးနေသူများမှာလည်း ဆေးဝါးပြတ်လပ်သွားသည့်အတွက် အချိန်မတိုင်မီ သေဆုံးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ရာသီအလိုက်ဖြစ်ပေါ်တတ်သည့် ငှက်ဖျား၊ တုတ်ကွေး၊ ဝမ်းပျက်၊ ဝမ်းလျှော၊ ယားနာစသည့် ရောဂါများအတွက် ဆေးဝါးများမှာလည်း မရှိသလောက်ရှားပါးနေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - အမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။