Preview

ရန်ကုန်မှ မိမိနေရပ်စစ်တွေသို့ ပြန်လာသည့်စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီနှင့်ရဲများက ဖမ်းဆီးငွေညှစ်

သဉ္ဇာနွယ် | ဇူလိုင် ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :1645
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၅

ရန်ကုန်မှမိမိနေရပ်စစ်တွေမြို့သို့ ပြန်လာကြသည့်စစ်ရှောင်တချို့ကိုစစ်ကောင်စီတပ်နှင့် ရဲတို့မှ ဖမ်းဆီးငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

မြို့ခံတစ်ဦးက" စစ်တွေ လေဆိပ်ကိုဝင်တာနဲ့ မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင်က နှစ်ကြာတော့ အရောင်မှိန်ပြီးဝါးနေတာတွေရှိတယ်။အဲ့ဒီလူတွေကို ဖမ်းတယ်။တခြားငွေညှစ်လို့ရမဲ့ သူတွေကိုဆိုရင်လည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းတယ်။ မသင်္ကာတဲ့လူကိုပိုစစ်တယ်။ သူတို့က မယုံတဲ့သူဆိုရင် တခါထဲဖမ်းပြီး အမှတ် (၁)မြို့မရဲစခန်းခေါ်သွားတယ်" ဟုပြောသည်။

အကြောင်းအမျိုးမျိုးကြောင့်  စစ်တွေမြို့မှ ရန်ကုန်သို့ စစ်ဘေးရှောင်သွားသည့် စစ်တွေမြို့ခံများသည် ရန်ကုန်တွင်အလုပ်အကိုင်အဆင်မပြေ၊အခက်ခဲကြုံလာ၍ မိမိမြို့သို့ပြန်လာချိန်တွင်ယခုလို ပြသနာမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

တချို့ မသင်္ကာသူများထံက ငွေကြေးအများအပြားတောင်းဆိုပြီး ဒေသခံတစ်ဦးမှာ ကျပ်ငွေ သိန်း ၄၀နီးပါးပေးပြီးမှပြန်လွတ်လာခဲ့သည်ဟု လွတ်မြောက်လာသူတစ်ဦး၏ဆွေမျိုးတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ၄၀နီးပါးထိတောင်းတာ။ မပေးရင်မလွတ်ဘူး။ ဒါတောင် မြို့ခံမို့လို့ ပိုက်ဆံပေးနိုင်တာ။မရှိရှိတဲ့ကြားကနေ။ နောက်ထပ်အဖမ်းခံရတဲ့ ပိုက်ဆံမတတ်နိုင်တဲ့သူ၊နယ်ကသူဆိုရင် အချုပ်ခန်းထဲမှာဘဲရှိသေးတယ်" ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်မှစစ်ရှောင်လာသူတချို့ကို စစ်သားနှင့်ရဲများကရပ်ကွက်အလိုက်  နေအိမ်အထဲထိဝင်ရောက်ကာ စစ်ဆေးမှုများလည်းရှိသည်ဟု စစ်ဆေးခံရသူတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" နေအိမ်ထဲကိုလာပြီး စစ်သေးတယ်။ လေဆိပ်မှာအကုန်စစ်တယ်။ဘယ်ရပ်ကွက်မှာနေတာ။ ဘာလို့ပြန်လာတာ။ ဘာလို့ ရန်ကုန်ကိုစစ်ရှောင်တာကအစ။ သူတို့ဆီမှာ စာရင်းရှိတယ်။ စစ်တွေကထွက်သွားသူတွေရဲ့စာရင်းတွေဒီလိုပြောတာ " ဟု ပြောသည်။

စစ်တွေလေဆိပ်တွင် မြို့ကိုစွန့်ခွာပြီးသွားသူများအထဲက မသင်္ကာသည့်သူများကို အမည်နှင့်တကွ ဓာတ်ပုံများကပ်ထားသည်ဟုလည်း မြို့ခံများကပြောသည်။

လုံခြုံရေးတိုးမြှင့်ထားသည့်စစ်တွေမြို့ထဲတွင်စစ်ကောင်တပ်နှင့်ပူးပေါင်းကာ (ALP)တပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင်များလည်းဧည့်စာရင်းစစ်ဆေးမှုများလည်း နေ့စဉ်ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း စစ်တွေမြို့ပြင်နှင့်အနီးအနားကျေးရွာနေရာများတွင် အာရက္ခတပ်တော်AA)နှင့်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီးလုံခြုံရေး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။   

၂၀၂၄ခုနှစ်ဖေဖော်ဝါရီ (၂၉)ရက်နေ့တွင် စစ်ကောင်စီနေဗီမှပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာ စစ်တွေမြို့၊မိဇံရပ်ကွက်ရှိကိုရီးယာဆိပ်ကမ်းပျံကျဈေးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၁၂ ယောက် သေဆုံးခဲ့ပြီး  အပြင်းစားဒဏ်ရာရသူ ၃၁ ယောက်နဲ့ အသေးစား၊အလတ်စား ဒဏ်ရာရသူ ၅၀ နီးပါးရှိခဲ့သည်။ 

ယင်းနောက်ပိုင်းမှစ၍ စစ်တွေမြို့ခံလေးပုံသုံးပုံခန့်မှာ ပြည်မဖက်သို့ စစ်ရှောင်ထွက်ခဲ့ကြကြောင်း သိရသည်။

ယခု၂၀၂၅နှစ်ထဲတွင်ရန်ကုန်တွင် စစ်ရှောင်နေသည်မှာ အိမ်ငှားခစရိတ်မြင့်တက်ခြင်း၊အလုပ်အကိုင်မရှိခြင်းအပြင် စစ်ကောင်စီထံ ရခိုင်လူငယ်/လူလတ်ပိုင်းအရွယ်များ ဖမ်းဆီးခြင်းများရှိလာသည့် အတွက် မိမိမြို့တော်စစ်တွေသို့ ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

#စစ်ကောင်စီ#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.