နိရဉ္စရာ၊ ဇူလိုင် ၉/၂၀၂၅
ရခိုင်ပြည်တွင်အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) သည် ၂၀၂၇ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်မည်ဖြစ်ပြီး အိန္ဒိယ ဆိပ်ကမ်းများ၊ သင်္ဘောနှင့် ရေလမ်းဝန်ကြီး Sarbananda Sonowal က ဇူလိုင်၇ ရက်နေ့က ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာတွင် လက်ရှိ ကုလားတန်မြစ်ကြောင်းတစ်လျှောက်နှင့် ရခိုင်ပြည်တစ်ခုလုံးနီးပါးကို တိုက်ခိုက်သိမ်းယူထားသည့် အာရက္ခတပ်တော် အခြေအနေနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေး ကိစ္စများကို ထည့်သွင်း ပြောကြားသွားခြင်းမရှိပေ။
အိန္ဒိယနှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းသည် အိမ်နီးချင်းနိုင်ငံများအတွက် ကုန်သွယ်မှု အခွင့်အလမ်းသစ်များ ပွင့်လာစေမည်ဖြစ်သည်ဟု၎င်းကပြောဆိုသော်လည်း လက်ရှိတွင် ကုလားတန် ဘက်စုံစီမံကိန်း၏ စစ်တွေဆိပ်ကမ်းတစ်ခုမှ လွဲပြီး ကျန်နေရာ အစိတ်အပိုင်း အများအပြားကို အေအေက ထိန်းချုပ်ထားသည်။
Sarbananda Sonowal က "ဒီစီမံကိန်းဟာ အိန္ဒိယရဲ့ အရှေ့မြောက်နဲ့ မြန်မာနိုင်ငံကြား ချိတ်ဆက်မှု တိုးမြှင့်ဖို့ မဟာဗျူဟာမြောက် ပဏာမခြေလှမ်း ဖြစ်ပါတယ်။ ၂၀၂၇မှာ အပြည့်အဝ လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။”
အိန္ဒိယရူပီ ကုဋေ ၅၀၀၀ (ဒေါ်လာ ၅၈၂.၅ သန်း)ကုန်ကျခံတည်ဆောက်ထားသည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို (KMTTP)သည် မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယအရှေ့မြောက်ဘက်ရှိ မီဇိုရမ်ပြည်နယ်ကိုလ်ကတ္တားနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ပင်လယ်၊ မြစ်၊ ကုန်းလမ်းများ ပေါင်းစပ်ထားသည်ဟုဆိုသည်။
၎င်းစီမံကိန်းဖွင့်လှစ်ပြီးပါက ဒေသတွင်း ကုန်သွယ်မှု အခွင့်အလမ်းသစ်များနှင့်အတူအိန္ဒိယ အရှေ့မြောက်ပိုင်းအတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့်ပါစီးပွားရေးဆက်သွယ် ဆောင်ရွက်နိုင်မည်ဟု ပြောသည်။
“ အပြည့်အဝ လည်ပတ်ပြီးတာနဲ့ ဒေသတွင်း ကုန်သွယ်မှု အခွင့်အလမ်းသစ်တွေကို အိန္ဒိယ အရှေ့မြောက်ပိုင်းအတွက်သာမက ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါနဲ့ မြန်မာနိုင်ငံတို့ပါ အရှေ့တောင်အာရှနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်" ဟု အရှေ့မြောက်အာရှနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများစွာကို ချိတ်ဆက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းကို ကြေငြာနေစဉ် ၎င်းက ပြောကြားခဲ့သည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယအရှေ့မြောက်ဘက်ရှိ မီဇိုရမ်ပြည်နယ်ကိုလ်ကတ္တားနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ပင်လယ်၊ မြစ်၊ ကုန်းလမ်းများ ပေါင်းစပ်ထားသည့်စီမံကိန်းတစ်ခုဖြစ်သည်။
ဤပရောဂျက်သည် အိန္ဒိယ၏ " အရှေ့မျှော်မူဝါဒမူဝါဒ" ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနှင့် ချိတ်ဆက်မှုနှင့် ကုန်သွယ်မှုကို တိုးမြှင့်ရန် ကြိုးပမ်းနေပြီး၊ အဓိကဘင်္ဂလားဒေ့မြောက်ပိုင်းနှင့်အိန္ဒိယတို့အား ဆက်သွယ်ကုန်သွယ်နေသည့် Siliguri စင်္ကြံကိုကျော်ဖြတ်ကာ အရှေ့မြောက်ဘက်သို့ ကုန်စည်ပို့ဆောင်ရန် အခြားလမ်းကြောင်းတစ်ခုကိုလည်း ပံ့ပိုးပေးမည်ဟုဆိုသည်။
ယခုစီမံကိန်းသည်ပလက်ဝမြို့မှတဆင့် မီဇိုရမ်ပြည်နယ် ဇိုရင်ပူနှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းတို့ကို ချိတ်ဆက်ပေးမည်ဖြစ်သောကြောင့် အိန္ဒိယအရှေ့မြောက်ဘက်ဒေသအနေဖြင့် ဆိပ်ကမ်းများစွာကိုအသုံးပြုနိုင်ရန်ထောက်ကူဖြစ်စေမည်ဖြစ်သည်။
ကာလကတ္တားမှ ကုန်ပစ္စည်းများကို စစ်တွေမြို့သို့ ပို့ဆောင်နိုင်ပြီး စစ်တွေမြို့မှ ရေမိုင် ၆၀ သာကွာဝေးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက်ကနက်ဆိပ်ကမ်းသို့လည်း တင်ပို့နိုင်သည်ဟု ဆိုနိုဗာက ပြောသည်။
တက်ကနက်မှ ထရိပူရပြည်နယ်ရှိ နယ်စပ်မြို့ Sabroom သို့ ကုန်ပစ္စည်းများကို ကုန်းလမ်းဖြင့် ပို့ဆောင်နိုင်ပြီး Sabroom တွင် ဘင်္ဂလားဒေ့ရှ်နှင့် ထရိပူရတို့အကြား ပေါင်းစပ်အကောက်ခွန်နယ်နိမိတ် ရှိသည်။
အဆိုပါစီမံကိန်းသည် အချိန်နှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း Sonowal မှ ပြောကြားခဲ့သည်။
ထို့အပြင်၊ တည်ရှိနေသည့် Indo-Bangladesh Protocol Route (IBPR) သည် Siliguri Corridor ကိုကျော်ဖြတ်ကာ ဒေသတွင်း ဆက်သွယ်မှုကို အားကောင်းစေမည့် ကုန်သွယ်မှုလမ်းကြောင်းသစ်များကို ပံ့ပိုးပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၂၇ ခုနှစ် နောက်ဆုံးထား လည်ပတ်နိုင်ရေး နှင့်ပတ်သက်ပြီး အိန္ဒိယနှင့် အေအေတို့အကြား တစ်စုံတစ်ရာ နားလည်မှု ရရှိကောင်း ရရှိထားနိုင်ပြီဟု သုံးသပ်မှုများလည်း ရှိနေသည်။ သို့သော် မည်သူမျှ တတ်အပ် မပြောနိုင်ပေ။