သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၀/၂၀၂၅
အာရက္ခတပ်တော်(AA)က အရေးယူမယူဘဲ ပြန်လွှတ်ပေးထားသည်ကို အခွင့်ကောင်းယူ၍ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများသည် ရခိုင့်ပင်လယ်ပြင်ရေပိုင်နက်သို့ ခိုးဝင်ငါးဖမ်းမှု ပိုများလာနေသည်ဟု သိရသည်။
မောင်တော နတ်မြတ်ဝအတွင်းသို့ ယခုဇူလိုင်လအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်မှ ငါးခိုးဖမ်းသည့် စက်လှေများပြားလာပြီး ထွက်ပြေးမှုများလည်းရှိနေသည်ဟု မောင်တောဒေသမှ ULA/AA နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီလထဲမှာ ခပ်စိပ်စိပ်ဖြစ်လာတယ်။ နေ့တိုင်းလိုလို ဝင်တယ်။ တစ်ခါတွေ့ရင် ငါးစီး၊ ခြောက်စီး။ AA ရဲ့ကမ်းခြေ စောင့်တပ်ဖွဲ့က လိုက်ဖမ်းရင် သူ့တို့ရေပိုင်နက်ကို ထွက်ပြေးသွားတယ်။ ငါးဖမ်းတဲ့ ပိုက်တွေပဲကျန်ခဲ့တယ်" ဟုပြောသည်။
ယခုကဲ့သို့ ငါးခိုးဖမ်းမှုများလာရခြင်းမှာ မောင်တောဒေသခံများ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မှုနည်းပါးသည်ကို အခွင့်ကောင်းယူ၍ ရခိုင့်ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု မောင်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"တိုက်ပွဲမဖြစ်ခင် ဒေသခံမွတ်ဆလင်တွေ၊ ရခိုင်တွေ နတ်မြစ်ဝမှာ ငါးဖမ်းထွက်ကြတယ်။ အခုက ငါးဖမ်းထွက်သူနည်းသွားပြီ။ တိုက်ပွဲစဖြစ်ကတည်းက တိုက်ပွဲရှောင်သွားတဲ့သူတွေလည်း များတယ်။ စက်သုံးဆီတွေကလည်း ဈေးကြီးတော့ တော်ရုံမလုပ်နိုင်တော့ဘူး။ ဒါကြောင့် နတ်မြစ်ဝမှာ ငါးတွေပေါလာတယ်။ အဲဒါကိုအခွင့်ကောင်းယူပြီး သိလို့ လာဖမ်းကြတာ" ဟု ပြောသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများသည် ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် AA ၏ အုပ်ချုပ်ရေး အစီအမံများ ကောင်းစွာမချမှတ်နိုင်သေးသည့်အပေါ် အခွင့်ကောင်းယူကာ ရခိုင်ရေပြင်ပိုင်နက်ထဲ ငါးဖမ်းဘုတ်များဖြင့် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေကြခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များသည် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူ၊ အင်းဒင်နှင့် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ဒုံးပိုက်၊ ချိန်ခါလီ၊ ကိုးတန်ကောက်စသည့် မယူကျွန်းဆွယ်တောင်ပိုင်း ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ဝင်ရောက်ကျူးကျော်ကာ ငါးဖမ်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံထောင်ထားသည့် အဆိုပါငါးဖမ်းဘုတ်များသည် ကမ်းခြေမှ တစ်မိုင်အကွာအထိ ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းပိုက်ကြီးများဖြင့် ရူးဇနား၊ ငါးသလောက်နှင့် အခြား ငါးမျိုးစုံတို့ကို ဖမ်းဆီးနေကြခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်တစ်စီးတွင် ငါးဖမ်းသမား ငါးဦးမှ ၁ဝ ဦးအထိ ပါရှိပြီး ရခိုင်ရေပြင်တွင် နေ့ရော ညပါ ငါးဖမ်းနေသဖြင့် အရေးယူသင့်သည်ဟု ဒေသခံများက ပြောသည်။