သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁ဝ/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲမဖြစ်ပွားသေးသည့် မဒေးကျွန်းနှင့် စစ်ကောင်စီ၏ ရေတပ်စခန်းအချို့က အနီးဝန်းကျင်ကျေးရွာများကို ဒရုန်းများဖြင့် ကင်းထောက်နေသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်ခွဲဖြစ်သည့် တောင်မော်ဦးရေတပ်စခန်း၊ အုန်းကျွိန်ရေတပ်စခန်းနှင့် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတည်ရှိရာ မဒေးကျွန်းပေါ်မှ ယခုဇူလိုင်လ လဆန်းပိုင်းမှစ၍ မရဇိုင်းကမ်း၊ တောင်ရှည်ကမ်းနှင့် မြို့ချောင်းကမ်းဖက်တို့ရှိ ကျေးရွာများသို့ ကင်းထောက်ဒရုန်း၊ အသေခံဒရုန်းများလွှတ်တင်ကာ ကင်းထောက်နေခြင်းဖြစ်သည်ဟု ကျောက်ဖြူမှ သတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရေတပ်စခန်းနှစ်ခုနဲ့ မဒေးကျွန်းဖက်က ဒီလဆန်းမှာ တောတန်းတွေ၊ အနီးအနားတွေ၊ မရဇိုင်းကမ်း၊ မြို့ချောင်းကမ်း၊ တောင်ရှည်ကမ်းဖက်ကို အသေခံဒရုန်းတွေ၊ ကင်းထောက်ဒရုန်းတွေ လွှတ်တင်ထားတယ်။ နေပူရင် လွှတ်တယ်။ မိုးရွာရင်တော့ မလွှတ်ဘူး။ AA ရှိလားလို့ ကင်းထောက်နေတာ" ဟု ပြောသည်။
ဒရုန်းများလွှတ်တင်နေသည့် မဒေးကျွန်းဧရိယာ၊ တောင်မော်ဦးနှင့် အုန်းကျွိန်ရေတပ်စခန်း စသည့်ဧရိယာရှိ စစ်ကောင်စီတပ်သားများမှာ အနီးအနားကျေးရွာများကို လက်နက်ကြီးကျည်၊ ဒရုန်းများဖြင့် ၂၀၂၄ ခုနှစ်အတွင်းကပင် ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။
သို့သော် အဆိုပါဧရိယာများအတွင်း အာရက္ခတပ်တော်(AA)နှင့် ယနေ့အချိန်ထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း AA ထိုးစစ်ဝင်ရောက်လာနိုင်သည်ဟု စိုးရိမ်၍ စစ်ကောင်စီက ယခုလအစောပိုင်းမှစတင်ကာ ဒရုန်းများဖြင့် ကင်းထောက်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။
နောက်ထပ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက "သူတို့က တမင် AA ရှိတဲ့နေရာကိုသိချင်လို့ လွှတ်ထားတာထင်တယ်။ AA ရှိရင် ဒရုန်းကိုလှမ်းပစ်တယ်။ ပစ်တော့ အဲဒီနေရာ AA ရှိတယ်ဆိုပြီး ဗုံးကြဲမယ်။ အဲသလိုမျိုးထင်တယ်" ဟု ပြောသည်။
ဒရုန်းများပျံဝဲနေသည်ကို မြင်၍ ဒေသခံများမှာ ဗုံးကြဲခံရမည်စိုးရိမ်နေကြသည်ဟုလည်း တောင်ရှည်ကမ်းမှ ဒေသခံလယ်သမားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒရုန်းတွေ ခဏခဏမြင်နေရတော့ လယ်ထဲတောင် မသွားရဲတော့ဘူး။ မဆီမဆိုင် ဒရုန်းနဲ့ပစ်ခံရမှာ ကြောက်တယ်" ဟုပြောသည်။
ယင်းအပြင် မဒေးကျွန်းမြစ်ပေါ်တွင် စစ်ကောင်စီတပ်က စပိဘုတ်များဖြင့် ကင်းလှည့်နေပြီး ငါးဖမ်းထွက်သည့် ဒေသခံများအား သေနတ်ဖြင့် လှမ်းပစ်မှုများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူတွင် ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ အမှတ် (၃၂)ရဲတပ်ရင်း၊ ခလရ (၃၄)၊ ခမရ(၅၄၂)၊ ခမရ(၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်၊ အုန်းကျွိန်ရေတပ်စခန်းတို့ဖြင့် အခြေစိုက်ထားသည်။
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းအနီးအနားဝန်းကျင်၊ မလကျွန်းဧရိယာ၊ သစ်ပုတ်တောင်တိုက်နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ် အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး AA က စစ်ကောင်စီ၏ ကာကင်းစခန်းအချို့ကိုလည်း သိမ်းထားနိုင်ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီအရာရှိအချို့နှင့် စစ်သုံ့ပန်းအများအပြားကိုလည်း AA က လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားသည်ဟု သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။