သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၀/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တစ်ပတ်ကျော်ကြာခန့် ရပ်နားနေသည့် တိုက်ပွဲသည် နေရာသုံးခုတွင် ပြန်လည်ပြင်းထန်လာကြောင်း သတင်းရရှိသည်။
တိုက်ပွဲပြန်လည်ပြင်းထန်လာသည့်နေရာသုံးခုမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂) ရဲတပ်ရင်းအနီးဖြစ်သော ပြိုင်းစေ့ကေအနီး၊ မလကျွန်း ဧရိယာတ၀ိုက်နှင့် သစ်ပုတ်တောင်တိုက်နယ်ရှိ ကပ်သပြေရွာအနီးတို့ဖြစ်သည်။
အဆိုပါနေရာသုံးခုတွင် ယနေ့ ဇူလိုင် ၁၀ ရက်၊ နံနက်ပိုင်းမှစ၍ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တိုက်ပွဲမဖြစ်တာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ဇူလိုင်လအစကတည်းက ဆိုပါတော့။ ဒီနေ့မနက်ကစလို့ ပြန်ဖြစ်တာ။ စစ်ကောင်စီဖက်က စစ်ကြောင်းအင်အားအများကြီးထိုးတက်လာလို့ဖြစ်နေတာ။ အဓိက ပြိုင်းစေ့ကေနဲ့ မလကျွန်းကြားက ပိုပြင်းနေတယ်။ အခု ညနေ ၂ နာရီလောက်ထိ မရပ်သေးဘူး" ဟုပြောသည်။
တိုက်ပွဲဖြစ်နေသည့်နေရာများမှာ လက်နက်ပစ်ခတ်သံနှင့် စက်သေနတ်ပစ်ခတ်သံများကို ကျယ်လောင်စွာကြားနေရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"မိုးရွာနေတာ တစ်ပတ်လောက်ရှိပြီ။ မိုးရွာတုန်းကတော့ လက်နက်ပစ်ခတ်သံ နှစ်ဖက်ပစ်ခတ်သံ သိပ်မကြားရဘူး။ ဒရုန်းနဲ့ပစ်ခတ်တာတော့ ရှိတယ်။ ဒီနေ့က စက်သေနတ်အသံတွေလည်း ကြားရတယ်" ဟု ပြောသည်။
တိုက်ပွဲရပ်နားနေခဲ့သည့် တစ်ပတ်ကျော်အတွင်း AA ဖက်မှ ထိုးစစ်များရပ်တန့်နေခဲ့သော်လည်း စစ်ကောင်စီဖက်က AA ရှိနိုင်သည့်နေရာများ၊ AA တက်လာနိုင်သည့် လမ်းများနှင့် အနီးအနားဝန်ကျင်များကို ယခင်ကထက် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ကောင်စီဖက်က အင်အားဖြည့်တယ်။ နယ်မြေတိုးချဲ့တယ်။ ဒရုန်းဦးဆောင်ပြီး စစ်ကြောင်းထိုးတယ်။ နားတဲ့နေ့ဆို ဒရုန်း၊ နေဗီကနေ လက်နက်ပစ်တယ်" ဟု ပြောသည်။
ကျောက်ဖြူစစ်မြေပြင်သို့ စစ်ကောင်စီက ယခု ဇူလိုင် ပထမအပတ်မှစ၍ စစ်အင်အားရာနှင့်ချီကို ပြည်မမှတဆင့် မာန်အောင်၊ မာန်အောင်မှတဆင့် နေဗီများဖြင့် အင်အားဖြည့်တင်းထားခဲ့သည်ဟုလည်း သိရသည်။
အဆိုပါစစ်အင်အားများကို လက်ရှိ ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲစစ်မျက်နှာပြင်ဖြစ်သည့် ဂုံးချွိန်တိုက်နယ်မှ အမှတ်(၃၂)ရဲတပ်ရင်း၊ မလကျွန်းနှင့် သစ်ပုတ်တောင်တိုက်နယ်မှ ကပ်သပြေ စသည့် စစ်မြေပြင်နေရာများတွင် ထပ်မံအင်အားဖြည့်တင်းထားခြင်းဖြစ်သည်ဟု ကျောက်ဖြူမြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
ဓာတ်ပုံ - AA Info Desk (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။