Preview

AA ထောက်ပံ့ပေးထားသည့် တော်လှန်ရေးတပ်ဖွဲ့  ၂၃ ဖွဲ့အနက် ရှစ်ဖွဲ့သည် AA နှင့်ပူးပေါင်း စစ်ရေးလှုပ်ရှားလျက်ရှိဟု ISP-Myanmar ထုတ်ပြန်

မောင်စာဂ | ဇူလိုင် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :2404
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇူလိုင် ၁ဝ/၂ဝ၂၅

အာရက္ခတပ်တော်(AA)သည် တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို ထောက်ပံ့ပေးထားပြီး ယင်းအနက် ရှစ်ဖွဲ့သည် AA နှင့်ပူးပေါင်းကာ စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP-Myanmar)က ထုတ်ပြန်သည်။

ISP-Myanmar ၏ ယမန်နေ့ ဇူလိုင်လ ၉ ရက်ထုတ်ပြန်ချက်ဖြစ်သော "အို... မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်"ဟူသည့် သုံးသပ်ချက်ထဲတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

AA ထောက်ပံ့ထားသော တော်လှန်ရေးလက်နက်ကိုင် ၂၃ ဖွဲ့မှာ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ဖြစ်ကြသည်။

အဆိုပါ ၂၃ ဖွဲ့သည် မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၆၁ မြို့တွင် စစ်ရေးလှုပ်ရှားလျက်ရှိကြသည့် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည်ဟုလည်း ISP-Myanmar က ဆိုသည်။

အဆိုပါ ၂၃ ဖွဲ့အနက် PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့သည် AA ၏ စစ်ရေးကွပ်ကဲမှုစနစ်အတွင်းပူးပေါင်းကာ ရခိုင်ပြည်နှင့် ထိစပ်နေသော ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့တွင် စစ်ရေးဖော်ဆောင်လျက်ရှိသည်ဟု ISP-Myanmar ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

“၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ဖွဲ့ကို AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်း စသည့် အရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝထောက်ပံ့လျက်ရှိသည်။ ထိုတပ်ဖွဲ့များသည် မြန်မာနိုင်ငံတဝန်းရှိ မြို့ ၆၁ ခုတွင် စစ်ရေးလှုပ်ရှားလျက်ရှိပြီး ယင်းအနက် ရှစ်ဖွဲ့သည် AA နှင့်အတူ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်”ဟု ဖော်ပြထားသည်။

blob
Photo - ISP-Myanmar

ကျန်အဖွဲ့များဖြစ်သည့် BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နှင့် BLDF တို့မှာ AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့ပေးထားသော မဟာမိတ်များဖြစ်သည်ဟု ဖော်ပြထားသည်။

“အာရက္ခတပ်တော်(AA)ဟာ မြန်မာ့ပဋိပက္ခရဲ့ အရှေ့မြောက်၊ အရှေ့တောင်နဲ့ အနောက်ပိုင်းစင်္ကြံသုံးခု စလုံးမှာ ခြေရာပေါက်နိုင်ရုံသာမက ဗမာတွေရဲ့ အညာမှာလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ဖြစ်ပါတယ်။ ရခိုင်ကို အခြေပြုပြီး ဧရာဝတီ၊ မကွေးနဲ့ ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်တဲ့ ထူးထူးခြားခြား EAO ဖြစ်ပါတယ်။ AA ခေါင်းဆောင်တွေဟာ မျိုးဆက်သစ် မင်းပျိုမင်းလွင်တွေဖြစ်သလို၊ ကျန်လူငယ်လက်နက်ကိုင်အဖွဲ့ တော်တော်များများကို သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိတဲ့ အစ်ကိုကြီး-ညီလေးဆက်ဆံရေးနဲ့ ‘အပြောနည်းနည်း၊ အလုပ်များများ’ လက်နက်ကိုင် မဟာမိတ်ကွန်ရက်အကြီးဆုံး တည်ဆောက်ထားနိုင်တဲ့ တခုတည်းသော EAO လည်း ဖြစ်ပါတယ်”ဟုလည်း သုံးသပ်ချက်တွင် ဖော်ပြထားသည်။

AA သည် လက်ရှိတွင် ရခိုင်ပြည်၏ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး တစ်ပြည်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း ISP-Myanmar က ဖော်ပြထားသည်။

အလားတူ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ AA ၏ စစ်ဆင်ရေးများကို ရခိုင်ပြည်ပြင်ပ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်ပါ တိုးချဲ့ဖော်ဆောင်လာခဲ့သည်ဟု ISP-Myanmar က ဆိုထားသည်။

ဓာတ်ပုံ - AA Info Desk နှင့် ISP-Myanmar

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နိုင်ငံရေး#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.