သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁၁/ ၂၀၂၅
အာရက္ခတပ်တော်(AA)၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)သင်တန်းကို သင်တန်းသား ၁ဝဝ ခန့်ဖြင့် စတင်ဖွင့်လှစ်နေပြီဟု သတင်းရရှိသည်။
အဆိုပါသင်တန်းကို ဇူလိုင် (၃)ရက်နေ့က ပထမအသုတ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယနေ့ ဇူလိုင်လ ၁၁ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်သည်။
ULA/AA နှင့်နီးစပ်သူအမျိုးသားတစ်ဦးက "အခုကတော့ ပထမအသုတ်ပေါ့။ စိတ်ပါဝင်စားမှုနဲ့ ပညာအရည်အချင်းနဲ့ကိုက်ညီတဲ့သူတွေကို ခေါ်ပါတယ်" ဟု နိရဉ္စရာကို ပြောသည်။
သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ (၈)လကြာမြင့်မည်ဟု သိရသည်။
အဆိုပါသင်တန်းတွင် အခြေခံခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒနှင့် ဆေးဝါးဗေဒ၊ ပတ်ဝန်းကျင်ကျန်းမာရေး၊ အခြေခံရောဂါဖြစ်ပွားပြန့်နှံ့မှုကို လေ့လာသည့်ဘာသာရပ်၊ ပြည်သူ့ကျန်းမာရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံသားဖွားပညာစသည့် ဘာသာရပ်(၆)ခုကို သင်တန်းဆရာ/မ ၁၇ ဦးက တာဝန်ယူသင်ကြားပေးလျက်ရှိသည်ဟု ဆိုထားသည်။
သင်တန်းပြီးမြောက်ပါက သင်တန်းဆင်းလက်မှတ်နှင့်အတူ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) အလုပ်ခန့်အပ်ခြင်းကို ကျေးလက်ကျန်းမာရေးဌာနများ၏ ဝန်ထမ်းလိုအပ်ချက်အပေါ်မူတည်ကာ ခန့်အပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
တပြိုင်နက်တည်းတွင် အာရက္ခပြည်သူ့ကျန်းမာရုံးဌာန၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာသင်တန်းများအစီအစဉ်က ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)အပြင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) စသည့် သင်တန်းများကိုပါ ထပ်မံဖွင့်လှစ်မည်ဟု ဆိုသည်။